ရန်ကုန်၊ မတ် ၂၄
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုကာ ရက်ဆက်တိုက်ခိုက်နေသဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးကာ အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက အတည်ပြုပြောကြားသည်။
မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ပန်းတောကြီးနှင့် စီရင်ဦးကျေးရွာများကို စစ်ကောင်စီ တပ်မ ၂၅၃ နှင့် ၂၅၄ တို့က မတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ လက်နက်ကြီးနှင့် ဒရုန်းဗုံးသီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက “စစ်ခွေးတွေက ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ၃ ရက်ဆက်တိုက် ကျဲချ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေ ၃ ရက်ဆက်တိုက် လက်နက်ကြီး၊ ဒရုန်းများကျဲချ တိုက်ခိုက်မှုတာကြောင့် စလင်းမြို့ မြင်တင်ရပ်ကွက်မှ အသက် ၇၃ နှစ်ရှိတဲ့ အဖွား ၁ ဦး သွေးလန့်ကာ သေဆုံးတယ်လို့ သိရတယ်။ ပန်းတောကြီးကျေးရွာရှိသော နေအိမ် ၁ လုံးနှင့် စီရင်ဦးကျေးရွာရှိ ပြည်သူပိုင် စပါးကျီ ၁ လုံး ဗုံးသီးများ မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ပြောဆိုသည်။
ထို့ပြင် ဆင်ဖြူကျွန်းဒေသတွင် စက်သုံးဆီဝယ်ယူသည့် ပြည်သူများထံမှ နွယ်တမယ်တံတားဂိတ်ရှိ စစ်ကောင်စီတပ်သားများက ဆီတစ်လီတာလျှင် ငွေကျပ် ၁,၀၀၀ စီ အဓမ္မအခွန်ကောက်ခံနေကြောင်းလည်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အောင်သာကုန်းကျေးရွာကို မတ်လ ၂၃ ရက် ညနေပိုင်းတွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော ပါရာမော်တာဖြင့် ၁၂၀ မမ ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့သည်။
Knight Commanders အဖွဲ့မှ ကိုဘယ်သန်ကြီးက “စစ်ခွေးတွေက အောင်သာကုန်းကျေးရွာရဲ့ တောင်ဘက် တောထဲ ၁ မိုင်လောက်အကွာကို စစ်ခွေးတွေက ကျဲသွားတာပါ။ စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ တောထဲဘက်ကို ကျတာဆိုတော့ ပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ် ပျက်စီးတာမျိုးတွေ မရှိပါဘူး။ နမခမှ တက်လာသော ပါရာမော်တာဖြင့် ၁၂၀ မမ ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့တာပါ” ဟု မြေပြင်အခြေအနေကို ရှင်းပြသည်။
ထို့ပြင် ယနေ့ မတ်လ ၂၄ ရက်နေ့ တွင်လည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ပိုင်းရှိ မောလယ်လမ်းဆုံကို တံတားဦး၊ မိတ္ထီလာနှင့် မကွေးလေတပ်တို့မှ တက်လာသော ဂျက်ဖိုက်တာ (Jet Fighter) ၃ စီးဖြင့် ၆ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
ဒေသခံပြည်သူတစ်ဦးက “စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ၆ ကြိမ်တိုင်တိုင် ကျဲသွားတာပါ။ ၁ လုံးကတော့ ဂန့်ဂေါမြို့နယ် ဂန့်ဂေါတောင်ပိုင်း မောလယ်လမ်းဆုံ လမ်းပေါ်ကို ချတယ်လို့ သိရတယ်။ နောက်ထပ် ၅ လုံးကတော့ တောထဲဘက်ကို ကျသွားတယ်လို့ သိရတယ်။ ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူး။ နေအိမ်ပျက်စီးတာမျိုးမရှိဘူးလို့ သိရတယ်” ဟု ပြောကြားခဲ့ပါသည်။
စစ်တပ်က မြေပြင်စစ်ပွဲများတွင် အရေးနိမ့်နေသဖြင့် ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြု၍ အကြောက်တရားသွင်းသည့် တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
ဓာတ်ပုံ- စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုနှင့် တိုက်ခိုက်မှုများကြောင့် မီးလောင်နေသော ပြည်သူ့နေအိမ်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




