ရန်ကုန်၊ မတ် ၂၄
ရန်ကုန်တွင် စစ်မှုထမ်း ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် လူငယ်များ ဆက်တိုက် ဆက်လက်ပျောက်ဆုံးနေပြီး သင်္ဃးကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်တွင်လည်း ယမန်နေ့ညပိုင်း အသက် ၂၁ နှစ်အရွယ် မောင်ဝေယံလင်းအောင် ယမန်နေ့ညပိုင်းပျောက်ဆုံးသွားကြောင်း မောင်ဝေယံလင်းအောင်၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ည ၈ နာရီခွဲအချိန် သင်္ဃန်းကျွန်းမြို့နယ်၊ကြီးပွားရေးရပ်ကွက်တွင်နေထိုင်သော အသက် ၂၁ နှစ်အရွယ် မောင်ဝေယံလင်းအောင်သည် ထမင်းစားပြီး လမ်းလျှောက်ရန် အပြင်ခဏ ထွက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဆက်သွယ်မရဘဲ မိသားစုက ရှာဖွေနေရဆဲဖြစ်ကြောင်း သိရှိရသည်။
“ကျနော့်ညီလေးက ပေါက်ခေါင်းကနေ ရန်ကုန်သို့လာရောက်အလုပ်လုပ်နေတာပါ။ မနေ့ ည ၈နာရီခွဲမှာ ထမင်းစားပြီး လမ်း လျှောက်ဖို့ ခဏဆိုပြီးထွက်သွားရာကနေ ပြန်လည်ရောက်ရှိမလာပါ။ ဖုန်းလည်းဆက်သွယ်၍မရပါ” ဟု မောင်ဝေယံလင်းအောင်၏ ဆွေမျိုးတစ်ဦးက ရှင်းပြသည်။
အလားတူ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ်များအတွက် လူသစ်စုဆောင်းရာတွင် အဂတိလိုက်စားမှုများ ဆိုးရွားစွာဖြစ်ပေါ်နေပြီး ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များက ပြန်လည် လွတ်မြောက်ရန်နှင့် လူစားထိုးရန် ကျပ်သိန်း ၁၀၀ ကျော်အထိ ပေးဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် အရှေ့နာဂ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ENDO) မှ ဝန်ထမ်း ကိုထွန်းဝေမှာ ယနေ့တိုင် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း၊ မိသားစုဝင်များက ငွေကြေးဖြင့် ညှိနှိုင်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးကော်မရှင်ဘက်က လက်မခံဘဲ “လူစားထိုးပေးနိုင်မှသာ လွှတ်ပေးမည်” ဟု အကျပ်ကိုင်ထားကြောင်း သိရသည်။
“အရင်တုန်းကတော့ ငွေကြေးနဲ့ ညှိပြီး လွတ်လာတာတွေ ရှိတယ်။ အခုတော့ လူစားထိုးပေးမှပဲ လွတ်ပေးမယ်လို့ ပြောနေကြတယ်။ တချို့အခြေအနေတွေမှာ ငွေကြေးနဲ့ လွတ်မြောက်နိုင်သေးပေမယ့် လူတစ်ယောက်ကို ကျပ်သိန်း ၁၀၀ ကျော်အထိ ကုန်ကျနိုင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လေရှီးမြို့နယ်အတွင်း လူငယ်များကို အခွင့်အရေးရသလို ဖမ်းဆီးနေမှုများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အဓိကတာဝန်ရှိနေကြောင်း မြို့ခံများက ဝေဖန်ထောက်ပြကြသည်။
“အခွင့်အရေးရတာနဲ့ ရသလို ဖမ်းနေကြတာပဲ။ လေရှီးမြို့နယ်မှာတော့ အထက်က အမိန့်ပေးတာနဲ့ လုပ်နေကြတာပါ။ မြို့နယ်အုပ်ချုပ်ရေးဌာနနဲ့ ပတ်သက်ဆက်နွယ်နေတာကြောင့် သူတို့မှာလည်း တာဝန်ရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ် ၃ မြို့နယ်အနက် လေရှီးမြို့နယ်သည် စစ်မှုထမ်းရန်အတွက် လူငယ်များကို အတင်းအကျပ် ဖမ်းဆီးမှု အများဆုံးပြုလုပ်နေသည့် မြို့နယ်တစ်ခု ဖြစ်နေသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အသုံးချကာ နာဂဒေသရှိ လူငယ်များကို ပစ်မှတ်ထားဖမ်းဆီးနေသလို၊ တစ်ဖက်တွင်လည်း မိသားစုများထံမှ သိန်းရာနှင့်ချီ၍ ငွေညှစ်မှုများ ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက အတည်ပြုပြောကြားသည်။





