28 C
Yangon

သရက်ချောင်းတွင် ပိတ်မိနေသော စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဆက်လက်ပြင်းနေပြီး စစ်တပ်က လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်၊ ထားဝယ်ဘက်မှလည်း စစ်ကူစစ်ကြောင်း အများအပြား ပို့ဆောင်နေ

Must read

ရန်ကုန်၊ မတ် ၂၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ပိတ်မိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဆက်လက်ပြင်းနေပြီး စစ်တပ်က လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ကာ ထားဝယ်ဘက်မှလည်း စစ်ကူစစ်ကြောင်း အများအပြား ပို့ဆောင်နေကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ညနေပိုင်းထိ သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ်ကျေးရွာအနီးတစ်ဝိုက်တွင် ပိတ်မိနေသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း၊ ထိုထိတွေ့ တိုက်ပွဲဖြစ်ပွားရာ နေရာကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့် ၁၀ ကြိမ် နှင့် Y-12 ထောက်ပို့လေယာဉ် ၂ စီးဖြင့်လည်း အကြိမ်ရေများစွာ ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရသည်။

မြေပြင် တိုက်ပွဲသည် မတ်လ ၁၅ ရက်ခန့်မှ စတင်ပြီး လက်ရှိချိန်ထိ ဂုံညင်းဆိပ်ကျေးရွာအနီးတစ်ဝိုက်တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း ဆက်လက် ပိတ်မိနေဆဲဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့များကလည်း ပိတ်ဆို့ တိုက်ခိုက်ထားနိုင်ဆဲဖြစ်ကြောင်း၊ စစ်တပ်က လေကြောင်းအပြင် စစ်သင်္ဘောများပေါ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်နေကြောင်း သိရှိရသည်။

“ဒီနေ့လည်း မနက်ကနေ ညနေအထိ လေယာဉ်တွေ အခေါက်ပေါင်း တောင်မရေနိုင်လောက်အောင် ဗုံးကျဲတာ။ ဂျက်ဖိုက်တာနဲ့တင် ၁၀ ကျော်မယ်။ Y-12 က ၂ စီးနဲ့ တစ်စီးပြီးတစ်စီး ဆက်တိုက်ကျဲနေတာ။ အခြေအနေ တော်တော်ဆိုးတယ်။ အဓိကတော့ အဲ့ဒီနားက စစ်ခွေးတွေ ထွက်ပေါက်မရှိရင် လက်နက်ချ ထွက်ပြေးမှာစိုးလို့ အသည်းအသန် ပစ်ကူပေးနေတာ” ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ တိုက်ပွဲပြင်းထန်နေသော သရက်ချောင်းမြို့နယ်အတွင်းကို ထားဝယ်မြို့ဘက်မှ အင်အား ၂၀၀ ကျော်ပါဝင်သော စစ်ကူစစ်ကြောင်းများလည်း သရက်ချောင်းမြို့ပေါ်သို့ ရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကြောင်းထိုးလာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

“သရက်ချောင်းမြို့ပေါ်ကနေ ထားဝယ်မြို့ပေါ်ကိုလည်း အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်း ဆင်လားတာရှိတယ်။ အခုဖြစ်နေတာက သရက်ချောင်းမြို့ရဲ့ အောက်ဘက်ခြမ်း တောင်ဘက်ခြမ်းဖြစ်နေတော့ သူတို့က သရက်ချောင်းမြို့ပေါ်ကို ရောက်နေပြီ မြို့ပေါ်အင်အားနည်းလို့ လာဖြည့်တာလား။ စစ်ကူဆင်းမဲ့ကောင်တွေလား မသိသေးဘူး။ မောတောင်နဲ့ သရက်ချောင်းဘက်ကို မတိုက်နိုင်လို့ စစ်တိုင်းမှူးကတော့ အဆူခံရပြီး ပြုတ်မယ်လို့တော့ ခြိမ်းခြောက်ခံထားရတယ်လို့ သိရတယ်။ စစ်ရှောင်တွေကတော့ လုံခြုံမှုလည်းမရှိသလို လောင်စာဆီလည်းမရှိတော့ဘူး။ ဆေးဝါးနဲ့ စာနပ်ရိက္ခာမရှိတော့ အခက်ခဲတော့ဖြစ်နေကြတယ်။ စစ်ရေးကတော့ ဆက်လက်တင်းမာနေလို့ တိုက်ပွဲတွေကလည်း ပြင်းထန်နေတယ်” ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က နေ့စဉ် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း နှင့် မြေပြင် တိုက်ပွဲများကြောင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ဂုံညင်းဆိပ်၊ ပြင်းဖြူသား၊ သဲချောင်းသား၊ စုံစင်ဖျား၊ စုံစင်နှင့် မင်းဒပ် အပါအဝင် အနီးနားရှိ ရွာပေါင်း ၁၅ ခုမှ ပြည်သူ ၅၀၀၀ ခန့်သည် ကျေးရွာများအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ လောင်စာဆီ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ ပြတ်လပ်နေ၍ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article