ရန်ကုန်၊ မတ် ၂၅
စစ်တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ကိုယ်ရေးအရာရှိ (PSO) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထက်လင်းတို့က ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းခွင့်လိုင်စင်များ ချထားပေးရာတွင် ကျပ်သိန်းရာချီ လာဘ်ငွေတောင်းခံကာ အကြီးအကျယ် အဂတိ လိုက်စားနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနတွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
လက်ရှိ စစ်တပ်က အမေရိကန်ဒေါ်လာလိုအပ်ချက်ရှိနေသည်ဟု အကြောင်းပြကာ ဆေးဝါးနှင့်ဆေးပစ္စည်းများ တင်သွင်းခွင့်ကို ရာနှုန်းပြည့် ထိန်းချုပ်ထားကြောင်း၊ ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကို ကုန်သွယ်ရေးဦးစီးဌာနက ကျန်းမာရေးဝန်ကြီးဌာန (ကမဝ) ထံသို့ လစဉ်ပေးပို့ပြီး ဦးစားပေးနှင့် အရေး ကြီးဆေးဝါးများ တင်သွင်းရန် ကျန်းမာရေးဝန်ကြီးသက်ခိုင်ဝင်း၏ ထောက်ခံချက်တောင်းယူနေကြောင်း သိရှိရသည်။
လစဉ် ဆေးကုမ္ပဏီပေါင်း ရာနှင့်ချီ၍ ဆေးဝါးတင်သွင်းခွင့်လျှောက်ထားကြသော်လည်း စစ်တပ်က ၁ လလျှင် ဒေါ်လာ ၁ သိန်းတန် ဆေးဝါးတင်သွင်းလိုင်စင် အစောင် ၂၀ ခန့်သာ ခွင့်ပြုပေးလေ့ရှိကြောင်း၊ ခွင့်ပြုပေးသော ဆေးဝါးတင်သွင်းခွင့်လိုင်စင်မှာလည်း ကျန်းမာရေးဝန်ကြီး၏ ထောက်ခံချက် ပါမှ ခွင့်ပြုသဖြင့် ထိုအချက်ကို အခွင့်ကောင်းယူ၍ ဝန်ကြီး သက်ခိုင်ဝင်းနှင့် PSO ဒေါက်တာထက်လင်းက လုပ်စားနေခြင်း ဖြစ်သည်။
“ဝန်ကြီး PSO က လိုင်စင်ရွေးချယ်တဲ့ ဘုတ်အဖွဲ့ကို ‘ဒါက ဝန်ကြီးရဲ့ အမျိုးကုမ္ပဏီပါ’ ဒါမှမဟုတ် ‘ဝန်ကြီးက ရွေးခိုင်းတာပါ’ ဆိုပြီး SMS ပို့ပြီး သူတို့ကို ပိုက်ဆံပေးထားတဲ့ ကုမ္ပဏီနာမည်တွေကို အတင်းရွေးခိုင်းပါတယ်။ အဲ့ဒီလို ထောက်ခံချက်ရဖို့အတွက် ဆေးကုမ္ပဏီတွေဆီကနေ လိုင်စင်တစ်စောင်ကို ကျပ်သိန်း ၄၀၀ ကနေ ၅၀၀ အထိ ဒေါက်တာထက်လင်းက တောင်းခံနေတာပါ” ဟု သတင်းရင်းမြစ်က ဆိုသည်။
ဆေးဝါးတင်သွင်းခွင့်လိုင်စင် ထုတ်ပေးရေးအတွက် ထောက်ခံပေးစိစစ်သည့် ဘုတ်အဖွဲ့ကို ကျန်း မာရေး ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဦးဆောင်သော ဘုတ်အဖွဲ့က စိစစ်ရွေးချယ်ကြောင်း သိရှီရသည်။
ဆေးဝါးတင်သွင်းခွင့်လိုင်စင် ချထားပေးရေး ထောက်ခံချက် ပေးမှုမှ ရရှိလာသော လာဘ်ငွေများကို ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် PSO ဒေါက်တာထက်လင်းတို့က ရာခိုင်နှုန်းဖြင့် ခွဲဝေယူကြကြောင်း၊ ဒေါက်တာထက်လင်း၏ ဘဏ်စာရင်းများကို စစ်ဆေးပါက အဂတိမှုများ ပေါ်ပေါက်နိုင်ကြောင်း သိရသည်။
ဆေးဝါးတင်သွင်းခွင့် လိုင်စင်များကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေသော ဆေးဝါးကုမ္ပဏီများတွင်AM Myanmar (ဝန်ကြီး၏တူမကိုယ်တိုင် ပိုင်ဆိုင်သည့်ကုမ္ပဏီ)၊ AA Group၊ ABC Int Company တို့ ပါဝင်ကြောင်း သိရှိရသည်။
ဒေါက်တာသက်ခိုင်ဝင်း၏ ကိုယ်ရေးအရာရှိ ဒေါက်တာထက်လင်းနှင့်အပေါင်းအသင်းများ ရန်ကုန်သို့ ရောက်ရှိချိန်တွင်လည်း ဆေးကုမ္ပဏီများကို ကုန်ကျစရိတ်အကုန်အကျခံကာ KTV နှင့် ဟိုတယ်များသို့ ပို့ခိုင်းခြင်း၊ ဧည့်ခံခိုင်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ကိုယ်ရေးအရာရှိ ဒေါက်တာထက်လင်း၏ ဇနီးဖြစ်သူ မေ့ဆေးဆရာဝန်သည်လည်း လက်ရှိတွင် PhD တက်ရောက်နေပြီး ဝန်ကြီး ကိုယ်ရေးအရာရှိ PSO ဇနီးဖြစ်နေခြင်းကြောင့် သင်တန်းတွင် အောင်မှတ်မပေးဘဲ မနေရဲသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။
“အစိုးရအသစ်ပြန်ဖွဲ့တော့မယ့် အချိန်မှာ ဒီလိုလာဘ်စားနေတဲ့သူတွေနဲ့ အပေါင်းအပါတွေကို ဝန်ကြီးအဖြစ် ထပ်ခန့်ဦးမလားဆိုတာ စောင့်ကြည့်ရမှာပဲ” ဟု ကျန်းမာရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ၏ အစိုးရအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရန် နီးကပ်နေချိန်တွင် ဒေါက်တာသက်ခိုင်ဝင်းနှင့် ကိုယ်ရေးအရာရှိ ထက်လင်း၏ အဂတိလိုက်စားမှု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် စစ်ကောင်စီအဖွဲ့အတွင်း အရှက်ရဖွယ်ရာ ဖြစ်လာနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရှိရသည်။
လက်ရှိ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကြံ့ဖွတ်ပါတီကိုယ်စားပြု၍ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံထားရသူလည်းဖြစ်သည်။
ဓာတ်ပုံ- သက်ခိုင်ဝင်း၊ အေးထွန်း၊ ကိုယ်ရေးအရာရှိ ထက်လင်း။







