ရန်ကုန်၊ မတ် ၂၅
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၈ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် သေနတ်များ၊ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသော ပြည်သူ ၅ ဦးဖြစ်သည့် အင်ပင်ကြီးကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ဒေါ်စန်းခိုင်၊ ကိုမိုက်ခဲ၊ ကိုညီအောင် ၊ ကိုဇော်မျိုးအောင် နှင့် ကိုသူရလွင် တို့ကို အကြမ်းဖက် စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး လမ်းပိုင်းတနေရာတွင် နှိပ်စက် သတ်ဖြတ်ကာ ရွာပြင်တွင် ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ဒေသပြည်သူများက မတ်လ ၂၄ ရက်နေ့တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
“၁၈ ရက်နေ့က ဘုရားကြီးကုန်းအုပ်စု၊ အင်ပင်ကြီးကျေးရွာကို အင်အား ၇၀ ကျော်ပါတဲ့ စစ်ခွေး စစ်ကြောင်းဝင်ရောက်ပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ လမ်းတနေရာအရောက်မှာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပါ။ သတ်ခံရတဲ့ ပြည်သူ ၅ ဦးက အင်ပင်ကြီးရွာက မစန်းခိုင်၊ ကိုမိုက်ခဲ ၊ ကိုညီအောင် ၊ ကိုဇော်မျိုးအောင်နဲ့ ကိုသူရလွင် တို့ပါ။ စစ်ခွေးတွေက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ” ဟု ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းနေ့တွင် ကျောင်းစုကျေးရွာမှ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဖုန်းအလုံး ၆၀ ကျော်ကို ခိုးယူလုယက်ခဲ့ကြောင်း၊ ၎င်းတို့ ဖမ်းဆီးသွားသော ပြည်သူ ၂ ဦးကို ငွေကျပ် ၂ သိန်းဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရသည်။
“ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတာ ဟုတ်ပါတယ်။ အဲစစ်ခွေးတွေက ရွာကို ဝင်စီးပြီး ထွက်ပြေးတဲ့ ပြည်သူတွေကို လိုက်ဖမ်းတာ အဲမှာ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၄ ဦး ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူ ၅ ဦးကို စစ်ခွေးတွေ PDF ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး နှိပ်စက် သတ်ဖြတ်ခဲ့တယ်။ ရုပ်အလောင်းတွေကိုတော ရွာပြင်မှာ စွန့်ပစ်ခဲ့ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ကျောက်ပန်းတောင်းမြို့နယ်တွင် မတ်လ ၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကမ်းဖြူရွာကို ဝင်ရောက်စီးနင်းပြီး အဖွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စိုင်ဂေါင်းရွာမှ ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ခါးပက်ရွာအနီးတွင် အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
photo credit – KPG Update News







