23.5 C
Yangon

စလင်းတွင် ကင်းလှည့်စစ်တပ်ကို မိုင်းဆွဲခံရ၍ စစ်သား ၂ ဦးသေဆုံးပြီးနောက် စစ်တပ်က ကျေးရွာကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ မတ်၂၅

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ကင်းလှည့်စစ်တပ်ကို မိုင်းဆွဲခံရ၍ စစ်သား ၂ ဦးသေဆုံးပြီးနောက် စစ်တပ်က ကျေးရွာကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့နှင့် မတ်လ ၂၄ ရက်နေ့တို့တွင် မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်တပ်နှင့် ဒေသတော်လှန်ရေး တပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး ထိတွေ့တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၃ ရက်နေ့ ည ၉ နာရီခန့်အချိန် စလင်းမြို့နယ်၊ ကျွဲကျောင်းကျေးရွာ၏ တောင်ဘက်သို့ အင်အား ၅ ဦးဖြင့် ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြိုတင်ထောင်ထားသော မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၂ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက “ စစ်ခွေး ၂ ကောင် သေဆုံးတယ်။သတင်းလည်း ကြိုရထားလို့ မိုင်းက ပြင်းအားမိုင်း တစ်လုံးပဲထောင်ထားတာ။ တိုက်မိုင်းပေါ့။ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၊ စလင်းမြို့ပြအဖွဲ့နှင့် ပြည်သူ့ညီနောင် – စလင်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နောက်တစ်နေ့ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စလင်းမြို့နယ်၊ ဒီးဒုတ်ပင်ရွာကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် လက်တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးသည် ကျေးရွာပေါ်သို့ သုံးကြိမ်တိုင်တိုင် ဝဲပျံကာ ဗုံးနှစ်လုံး ကြဲချခဲ့သည့်အပြင် ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ရသည်။

ဒေသခံပြည်သူတစ်ဦးက“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး၊ နေအိမ် ၁ လုံးပျက်စီးတယ်။ စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကြဲပြီးတော့ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ တစ်ချက်ပစ်တယ်။ လေယာဉ်က ရွာပေါ်ကို ၃ ခေါက်ဝဲတယ်၊ နှစ်ခေါက် ဗုံးချတယ်။ လေယာဉ်ပြန်သွားတော့ ဘယ်ကနေ ပစ်လဲမသိဘူး၊ လက်နက်ကြီးကျည် ရွာပေါ်ကနေဖြတ်ပြီး ရွာအနောက်ဘက်ကို ကျသွားတယ်။ ဘယ်ကနေ လှမ်းပစ်တယ်မသိဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရင်ဖွင့်ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article