23.5 C
Yangon

မြိတ်မြို့ရှိ ဘောလုံးကွင်းနှင့် ဘုရားငါးဆူကွင်း ဆိုင်ခန်းများကို စစ်ကောင်စီနှင့် ခရိုနီများပူးပေါင်း၍ အဓမ္မသိမ်းယူ၊ ဆိုင်ခန်းပေါင်း ၈၀ ကျော် ဖယ်ရှားခိုင်းနေ

Must read

ရန်ကုန်၊ မတ် ၂၅

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ အထက ၁ ကျောင်းရှေ့ ဘုရားငါးဆူကွင်းပတ်လည်နှင့် မြိတ်မြို့မဘောလုံးကွင်းပတ်လည်ရှိ ဆိုင်ခန်းများကို ဒေသခံခရိုနီများနှင့် ဂေါပကအဖွဲ့ဝင်အချို့က စစ်ကောင်စီနှင့်ပူးပေါင်းကာ အဓမ္မသိမ်းယူဖယ်ရှားခိုင်းနေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

မြိတ်မြို့ စည်ပင်သာယာရေးအဖွဲ့က ငှားရမ်းထားသည့် အထက (၁) ရှေ့ရှိ ဆိုင်ခန်းမြေနေရာများကို ဗုဒ္ဓဘာသာအသင်းကြီးမြေအဖြစ် လွှဲပြောင်းလိုက်ပြီဖြစ်သဖြင့် လာမည့် မတ်လ ၃၁ ရက်နေ့ထက် နောက်မကျဘဲ အားလုံးဖျက်သိမ်းဖယ်ရှားပေးရန် စည်ပင်က အကြောင်းကြားစာပေးပို့ထားခြင်းဖြစ်သည်။

အဆိုပါ ဖယ်ရှားပေးရမည့် ဆိုင်ခန်းပေါင်း ၈၁ ခန်းရှိပြီး တစ်ခန်းလျှင် အကျယ် ပေ ၂၀ x ၁၀ ပေ ရှိကြောင်း၊ စာချုပ်သက်တမ်းမပြည့်မီ အဓမ္မဖယ်ရှားခိုင်းခြင်းဖြစ်၍ ဆိုင်ခန်းပိုင်ရှင်များမှာ ကြီးမားစွာ နစ်နာနေရကြောင်း သိရသည်။

ဒေသခံပြည်သူတစ်ဦးက “ဘုရားလူကြီးတွေကို ဒီမြေလွှဲပြောင်းပေးတယ်ဆိုပြီး စာထုတ်ပါတယ်။ ဆိုင်ခန်းတွေပါ နေရာကနေ ထွက်ခိုင်းတာပါ။ ဘုရားမြေဆိုပြီး ဂေါပကတွေနဲ့ ခရိုနီတွေပေါင်းစားပြီး ဆိုင်ခန်းတွေ သိမ်းတာပါ။ ခရိုနီနဲ့ပေါင်းစားတဲ့ ဘုရား လူကြီးတွေက အသနားခံစာကိုလည်း လက်မခံပါဘူး။ အားလုံးလက်မှတ်ထိုးပြီး ပို့တာကို အခုထိ အကြောင်းမပြန်ဘူး။ မအလ (မင်းအောင်လှိုင်) မြိတ်ကိုလာတုန်းက မောင်ကြီးနဲ့ မောင်လှသန်းက တင်ပြတာ၊ သူတို့က မြိတ်က ခရိုနီတွေပါ”ဟု ပြောဆိုသည်။

အလားတူ မြိတ်မြို့မဘောလုံးကွင်းကို နိုင်ငံတကာအဆင့်မီ ကွင်းအဖြစ် အဆင့်မြှင့်တင်မည်ဟု အကြောင်း ပြကာ ကွင်းပတ် လည်ရှိ ဆိုင်ခန်းများကိုလည်း အစားထိုးမြေနေရာ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ မတရားသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဘောလုံးကွင်းချဲ့ထွင်ရာတွင် နှစ်ကျိတ်ရှစ်ဆူ ဘုရားကွင်း၊ စည်ပင်ပိုင်ရုံးကြီးနှင့် ဝန်ထမ်းအိမ်ရာများပါ ပါဝင်သွားကြောင်း သိရသည်။

“ဘောလုံးကွင်းပတ်ပတ်လည်က ဆိုင်ခန်းတွေအားလုံးကို သိမ်းပါတယ်၊ အစားလည်း ပြန်မပေးပါဘူး။ ဘောလုံးကွင်းအရှေ့ဘက်က ဆိုင်ခန်းတွေ အခု ဘတ်ဖိုးနဲ့ ထိုးဖြိုလိုက်တာ ကုန်ပြီ။ ဘောလုံးကွင်းနေရာကို အုတ်တံတိုင်းလည်း ခတ်လိုက်ပြီ။ ဘောလုံးကွင်းချဲ့ရင်း နှစ်ကျိတ်ရှစ်ဆူဘုရားကွင်းရယ်၊ စည်ပင်ပိုင် ရုံးကြီး ဝန်ထမ်းအိမ်ယာ အကုန်ပါပါတယ်။”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့နှင့် နီးစပ်သည့် ခရိုနီများ၏ စီးပွားရေးအကျိုးအမြတ်အတွက် ဒေသခံပြည်သူများ၏ လုပ်ကိုင်စားသောက်နေသည့် ဆိုင်ခန်းများကို အဓမ္မဖယ်ရှားရှင်းလင်းမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် မြိတ်မြို့ခံများအကြား မကျေနပ်မှုများ ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article