ရန်ကုန်၊ မတ် ၂၅
ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ DKBA အဖွဲ့မှ ဗိုလ်အေဝမ်း ပိုင်ဆိုင်သော ရေတံခွန်ကျားဖြန့်ဝင်းနှင့် လေးဝဖလိုကျေးရွာအတွင်းရှိ ကျားဖြန့်ဝင်းများသို့ တရုတ်နိုင်ငံသား ထောင်နှင့်ချီ၍ ထပ်မံဝင်ရောက်လာကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
အဆိုပါ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများမှာ မင်းလက်ပံ၊ ဖလူး၊ ရွှေက္ကိုလ်တို့ဘက်မှ ပြောင်း ရွှေ့လာသူများဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဗိုလ်အေဝမ်း၏ ရေတံခွန်ဆိုက်နှင့် လေးဝဖလိုရွာရှိ ကျားဖြန့်လုပ်ငန်းခွင်များတွင် အခြေချနေထိုင်လျက်ရှိသည်။
၎င်းတို့နှင့် ဆက်နွှယ်နေသည့် လမ်းကြောင်းများတွင် ငွေကြေးတောင်းခံမှုများလည်း ပြင်းထန်နေကြောင်း သိရသည်။
“ကျားဖြန့်တွေက ဒီရက်ပိုင်းမှာ ဗိုလ်အေဝမ်း ရေတံခွန်ဆိုက်နဲ့ လေးဝဖလိုရွာက ကျားဖြန့်ဆိုက်တွေမှာ တရုတ်တွေ ထပ်ရောက်နေတယ်။ မင်းလက်ပံ၊ဖလူးနဲ့ ရွှေက္ကိုလ်တွေက ပြောင်းသွားတဲ့ တရုတ်တွေပါ။ သူတို့တွေက စစ်တပ်ဂိတ်တွေကို ငွေပေးဖြတ်ပြီး ဝင်လာကြတာ။ ၁၀ ဘီးကားတစ်စီးကို ၃ သိန်းပေးမှ ဖြတ်ရတယ်၊ မပေးရင် ပေးမဖြတ်ဘူး” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင် ဘုရားသုံးဆူမှ မော်လမြိုင်အထိ လမ်းတစ်လျှောက်၌ DKBA ဂိတ် ၂၄ ဂိတ်နှင့် BGF ဂိတ် ၁၃ ဂိတ်အထိ ဖွင့်လှစ်ထားပြီး ကုန်သည်များနှင့် ပြည်သူများထံမှ အလွန်အကျွံ ငွေကြေးတောင်းခံမှုများကြောင့် ဒေသခံများမှာ စိတ်ပျက်နေကြရသည်။
ကျားဖြန့်လုပ်ငန်းများအပြင် စစ်ကောင်စီတပ်နှင့်DKBA ပူးပေါင်း၍ မူးယစ်ဆေးဝါးလုပ်ငန်းများကိုလည်း အကြီးအကျယ် လုပ်ကိုင်နေကြောင်း သိရသည်။
DKBA မှ ဗိုလ်ကညောစေး (ခ) ခေါင်းဖြူ (ယခင် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျဖူးသူ) သည် စစ်တပ်နှင့်ပေါင်းကာ နယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်သွင်းနေကြောင်း သိရှိရသင်္ည။
“စစ်တပ်နဲ့ DKBA က ဗိုလ်ကညောစေးက အခု မြင်းဆေးတွေသယ်ပြီး နယ်စပ်ကို သွင်းနေတာ တစ်လကို ၆ ကြိမ်အထိ ရှိတယ်။ တစ်ခါသွင်းရင် ဘတ်ငွေ သိန်း ၅၀၀ ဖိုးအထိ တန်ဖိုးရှိတဲ့ မက်သာအဖက်တမင်း၊ ကတ်တမင်း၊ ရေခဲနဲ့ အခုနောက်ထွက်တဲ့ Happy Water တွေကို စစ်တပ်နဲ့ပေါင်းပြီး အကြီး အကျယ် လုပ်နေတာပါ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ဗိုလ်အေဝမ်းသည် ဘုရားသုံးဆူဒေသရှိ စစ်ကောင်စီ၏ ခလရ ၂၈၄ တပ်ရင်းနှင့် သင့်မြတ်အောင် ပေါင်း သင်းကာ ကျားဖြန့်အပါအဝင် တရားမဝင် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း၊ ဘုရားသုံးဆူမြို့မှာ ပျက်စီးယိုယွင်းလာနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုကြသည်။
လက်ရှိတွင် ကျားဖြန့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် တရားမဝင် ဂိတ်ကြေးတောင်းခံမှုများကြောင့် ဘုရားသုံးဆူဒေသခံများမှာ လုံခြုံရေးနှင့် လူမှုစီးပွားရေးအရ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။




