23.5 C
Yangon

အီရန်စစ်ပွဲဂယက် စက်သုံးဆီပြတ်လပ်မှုကြောင့် စီးပွားရေးများ ပြိုလဲခြင်းနှင့် ငွေကြေးဖောင်းပွမှု နှုန်းမြင့်တက်ကာ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျ၊ ၁ ဒေါ်လာ ၄၅၀၀ ကျပ်အထိ ရောက်ရှိလာပြီး ဒေါ်လာစျေး ၅၀၀၀ ကျပ်အထက်သို့ ပြန်လည် ဦးတည်နေပြီဟုဆို

Must read

ရန်ကုန်၊ မတ် ၂၅

အရှေ့အလယ်ပိုင်းဒေသတွင် အီရန်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ရေနံဈေးကွက် ဂယက်ရိုက်ခတ်မှုများနှင့်အတူ မြန်မာနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရပြီး ပြည်တွင်းဒေါ်လာဈေးနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၄,၅၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်လာကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အီရန်စစ်ပွဲ မစတင်မီကာလက အမေရိကန်တစ်ဒေါ်လာလျှင် ၄,၀၀၀ ကျပ်အောက်တွင်သာ ရှိခဲ့သော်လည်း စစ်ပွဲစတင်ချိန်မှစ၍ ဒေါ်လာဈေးမှာ တအိအိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်များ အဆမတန် မြင့်တက်လာပြီး ကုန်စည်ဈေးနှုန်းများမှာလည်း ထိန်းမနိုင်သိမ်းမရ တက်လာခဲ့သည်။

ပြည်တွင်းတွင် စက်ရုံ၊ အလုပ်ရုံများ လည်ပတ်ရန် ခက်ခဲခြင်း၊ ကုန်တင်ကားများ ရပ်နားထားရခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုနှုန်း ရပ်ဆိုင်း ထိုးကျသွားခြင်းတို့ကြောင့် နိုင်ငံ၏ စီးပွားရေးမှာ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။

မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း-UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က “အခု စက်သုံးဆီ ပြဿနာကြောင့် ထုတ်လုပ်မှု စရိတ်တွေက အရမ်းများလာတော့ စီးပွားရေးလုပ်ငန်းတွေ ရှင်သန်ရပ်တည်ဖို့ တော်တော်လေး ခက်ခဲလာကြပြီ။ စက်ရုံတွေလည်း ဆက်လည်ဖို့ မလွယ်တော့သ လို ၊ ကုန်စည်စီးဆင်းမှုကလည်း ရပ်တန့်သလောက် ဖြစ်နေတာကြောင့် ငွေကြေးဖောင်းပွမှုနှုန်းက မရပ် မနား တက်လာတယ်။ ငွေက တန်ဖိုးမရှိတော့ဘူး။ ဒီနေ့ ငွေ ၁ သောင်းတန်ပစ္စည်းက မနက်ဖြနမှာ ငွေ ၁ သောင်းနဲ့မရတော့ဘူး။ အဲဒီလိုတွေဖြစ်တော့ ဒေါ်လာစျေးတွေကလည်း လိုက်တက်နေတာ” ဟု သုံးသပ်ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီကိုယ်တိုင်က စက်သုံးဆီ တင်သွင်းရန်အတွက် လိုအပ်သော ဒေါ်လာငွေကို ဈေးကွက်အတွင်း အသည်းအသန် ရှာဖွေနေရခြင်းက ဒေါ်လာဈေးကို ပိုမို ခုန်တက်စေ သည်ဟု ဆိုသည်။

ရန်ကုန်အခြေစိုက် ဒေါ်လာဝယ်ရောင်း လက်ကြီး အရောင်းဒိုင်တစ်ဦး က“စက်သုံးဆီသွင်းဖို့အတွက် ဒေါ်လာက အသည်းအသန် လိုနေတာလေ။ စစ်တပ်ကိုယ်တိုင်က ဒေါ်လာကို လိုက်ဝယ်နေရတဲ့ အခါကျတော့ ဈေးကွက်ထဲမှာ ဒေါ်လာက ပြတ်လပ်ပြီး ဈေးက ခုန်တက်ကုန်တာပဲ။ အခုသွားနေတဲ့ အရှိန်အရဆိုရင် ဒီလကုန်ပိုင်းမှာ တစ်ဒေါ်လာ ၅,၀၀၀ ကျပ်အထိ ပြန်ရောက်သွားနိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းကြပါတယ်”ဟု သုံးသပ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ စက်သုံးဆီရှားပါးမှု၊ ဒေါ်လာဈေး မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှုဒဏ်များကြောင့် အခြေခံလူတန်းစားများမှာ အဆိုးရွားဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က EV ခေါ် လျှပ်စစ်ကား တင်သွင်းမှုများကို အကြီးအကျယ် အားပေးနေပြီး မင်းအောင်လှိုင်၏သားနှင့်သမီးများကိုယ်တိုင် EV ကားများ တင်သွင်းရောင်းချနေသောကြောင့် ဒေါ်လာ လိုအပ်ချက် ကြီးမားနေကြောင်း ပြည်တွင်း မော်တော်ယာဉ်ရောင်းဝယ်ရေး ပိုင်ရှင်တစ်ဦးက ဆိုသည်။

“အခုက EV တွေက စင်ပေါ်ကပဲ။ ဆီတန်းစီစရာလည်းမလိုဘူး၊ စုံ/မ စနစ်မှာလည်း သူတို့က လွတ်နေတယ်။ EV ကားတွေ စျေးနှုန်းက တစ်စီးကို သိန်း ၅၀၀ ကနေ ၁၀၀၀ ကျော်အထိကို စျေးတွေ ထိုးတက်တာ။ Demand များလာတာ။ ပြီးတော့ နိုင်ငံတော်မူဝါဒက EV ကားတွေ တင်သွင်းတာကို အကန့် အသတ် မထားဘဲ ပေးထားတယ်။ နောက်ပြီး လူကြီးတွေ သားသမီးတွေကိုယ်တိုင် EV တွေ သွင်း ရောင်းနေတာဆိုတော့ EV ကား ရဖို့တောင် စာရင်းပေး တန်းစီနေရတယ်။ EV ကားတွေရဲ့ တင်သွင်းမှုက အခု မတ်လထဲမှာကို အနည်းဆုံး စီးရေ ၅၀၀ နဲ့ ၁၀၀၀ အထက်မှာ အမှာစာတွေ တက်နေတာ။ အဲဒါက ကျနော့် Show Room တစ်ခုတည်းနော်။ ကျန်တဲ့ Show Room တွေမှာလည်း အမှာစာတွေရကြမှာပဲ” ဟု ပြည်တွင်း မော်တော်ယာဉ်တင်သွင်းရောင်းဝယ်ရေး ပိုင်ရှင်က ရှင်းပြသည်။

စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံဗဟိုဘဏ်ကလည်း စက်သုံးဆီ လုပ်ငန်းရှင်များထံသို့ ဒေါ်လာ သန်းချီ အပတ်စဉ် ရောင်းချပေးနေသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း စက်သုံးဆီတင်သွင်းသူများ ၏ အဆိုအရ ဆီတင်သွင်းရန် လိုအပ်နေသော ဒေါ်လာကို လိုသလောက် စစ်တပ်က မချထားပေးတော့ ကြောင်း၊ ထို့ကြောင့် စျေးကွက်အတွင်းမှ ဒေါ်လာ ပြန်လည်ရှာဖွေရမှုများရှိနေကြောင်း ထုတ်ဖော်ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စက်သုံးဆီချွေတာရေးအစည်းအဝေးတွင် စက်သုံးဆီရှားပါးမှုကြောင့် သွားလာမှုများခက်ခဲပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်ကြောင်း ဝန်ခံသတိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article