23.5 C
Yangon

ယင်းမာပင်နှင့် မြင်းခြံတွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိပြီး ကျေးရွာများကိုလည်း ဆက်တိုက် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်မှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ် က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အနီးအနားရှိ‌ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် လာသောပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စစ်တပ်က မြို့ပေါ်ရွာနှင့် ပြောင်းပြာရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသည့် အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ပြည်သူများ ထိခိုက်မှုအခြေအနေနှင့် နေအိမ် ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေက မြို့ပေါ်ရွာနဲ့ ပြောင်းပြာရွာကို မီးရှို့သွားတာလို့ သိရပါတယ်။ ဒီနေ့ နံနက်ပိုင်းလောက်က စစ်ခွေးတွေက မြို့ပေါ်ကနေရောက်လာတဲ့အတွက် နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ အခြေအနေတော့ရှိတယ်။ ပြည်သူတွေ ကျေးရွာထဲကို ပြန်မဝင်ရဲကျသေးတော့ ရွာထဲ ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးတာ စစ်ခွေး အင်အားက ၁၀၀ ကျော်လောက်လို့ ကြားသိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကလည်း အနီးအနားရှိ ကျေးရွာများကို ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့တွင် နဘူးအိုင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လေးရာကျော်ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့တွင် စစ်ကြောင်းသည် နဘူးအိုင်ရွာအနီးရှိ တဲအိမ်များနှင့် စက်သုံးဆီဆိုင်များကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၂၂ ရက်နေ့ကလည်း နဘူးအိုင်ရွာရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းသည် မြင်းခြံ-မြို့သာ လမ်းပိုင်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက မြင်းခြံနဲ့ မြို့သာ လမ်းပိုင်းကို စစ်ကြောင်းထိုးနေတာ နဘူးအိုင်ရွာမှာ တပ်စွဲပြီးတော့ အနီးအနားက ရွာတွေကို ဆက်တိုက် ဒရုန်းနဲ့ ဗုံးကျဲတာ နေအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်နေတာ ပြည်သူတွေလည်း ထိခိုက်တာတွေရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article