23.5 C
Yangon

မြို့သာမြို့ပေါ်မှ မူးယစ်သောက်စားပြီး ပြန်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ရေးမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ပေါ်မှ မူးယစ်သောက်စားပြီး ပြန်လာသည့် အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Youths Of Mandalay အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်ရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် မြို့သာမြို့ပေါ်မှ အရက်သေစာသောက်စားပြီး ပြန်လာစဉ် မြို့သာမြို့နှင့် ကျွဲဇိမ်ရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထပ်တိုး သေဆုံးတာမျိုးတော့ မရှိဘူး။ ဒဏ်ရာတော့ တော်တော်များများရတယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး ကျနော်ဘက်က အချိန်မရတော့လို့ မရခဲ့ပါဘူး။ စစ်ခွေး အင်အား ၁၁ ကောင်ပါ။ ဖြစ်တဲ့ချိန်မှာပဲ အနောက်က ခွေးကြောင်းက ထိုးလာလို့ အောင်မြင်စွာ‌ ဆုတ်ခွာခဲ့ပါတယ်။ ကျနော်တို့ ဘက်ကတော့ အထိအခိုက်မရှိပါဘူး”ဟု Youths Of Mandalay အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေး လူငယ်စစ်ကြောင်း နှင့်အတူ Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်-အမှတ် ၉ တပ်ရင်း နှင့် ငါန်းဇွန်မြို့နယ် (ပ.က.ဖ) အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေးမြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် အထိုင်ချနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ မတ်လ ၁၉ ရက်နေ့တွင်လည်း အောင်သပြေရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်‌ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် မတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင်လည်း စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၁၁ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိသေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းကတော့ စုံစမ်းနေဆဲပါ။ သေချာမသိရသေးပါဘူး။ ထိခိုက်ဒဏ်ရာ ရရှိတဲ့အရာရှိက ဗိုလ်မှူး အဆင့်ရှိပါတယ်။ စစ်ခွေးတွေဘက်က တော်တော်များများ ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ပြည်သူများတွေအနေနဲ့ စစ်ခွေး စစ်ကြောင်းရဲ့ သတင်းကို နားစွင့် ပြီးတော့ သတိနဲ့ သွားလာလှုပ်ရှား နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ် ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၀၁) တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နှင့် ရေး‌ပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲ တို့ ပူး‌ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုတွင် ညီနောင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (အမှတ်-၈၀၀၂ တပ်ရင်း)(KBDF)၊ ရေးပြောက်ကျားတပ်ရင်း (အမှတ်-၈၀၀၁ တပ်ရင်း)(YGF) တို့မှ ဒရုန်းတပ်ဖွဲ့များဖြင့် စုဖွဲ့ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article