ရန်ကုန်၊ မတ် ၂၆
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထံသို့ ပို့ဆောင်နေသော ထန်းတပင်ရွာ အုပ်ချုပ်ရေးမှူး အောင်ကျော် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်အချိန် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း ၂၂၉ မိုင်အနီးရှိ ထန်းတပင်ရွာထဲသို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်မှ ရဲဘော်များက အုပ်ချုပ်ရေးမှူး အောင်ကျော်ကို ဝင်ရောက်ဖမ်းဆီးစဉ် ၎င်းက စစ်သားများရောက်ရှိလာသည်ဟု ထင် မှတ်၍ “ငါက အုပ်ကြီးကွ” ဟု မောက်မာစွာ ပြောဆိုခဲ့သည့်အတွက် ပစ်ခတ် တိုက်ခိုက်စဉ် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“တပ်ကုန်းမြို့နယ်၊ လယ်ပြင်မကျေးရွာအုပ်စု၊ ထန်းတပင်ရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အောင်ကျော်က နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ စစ်ကောင်စီရဲ့ တပ်သားတွေအထင်နဲ့ မမှောက်ဘဲ ငါအုပ်ကြီးဆိုပြီးပဲ ပြန်ပြောနိုင်တယ်။ ပြန်လည်ခုခံချိန်တော့မရဘူး။ တခါတည်းပဲ ပစ်ခတ်ခဲ့တာပါ “ဟု စစ်ဦးစီးတပ် အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်ကျော်ထံမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တံဆိပ်တုံးများနှင့် အခြားသော အထောက်အထားများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ အောင်ကျော်သည် လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်ဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ပို့ဆောင်နေသည့် အပြင် လစဉ် စစ်မှုထမ်းကြေးများလည်း ကောက်ခံကာ ကျေးရွာနေပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူဖြစ်ကြောင်း သိရှိရသည်။
“မနေ့က ပစ်ခတ်ခံရတာဟုတ်ပါတယ်။ ထန်းတပင်ရွာ အုပ်ကြီး အောင်ကျော် ပစ်ခံရတာပါ။ အဲကောင်က ပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ ကောင်ပါ။ အဆိုးဆုံးက လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်ခွေးတပ်ကို ပို့တာပါ။ သူ့ကြောင့် ဖမ်းခံရတဲ့ သူတွေလည်း တော်တော်များတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဆက်လက်၍ အကြမ်းဖက် စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းမှုတွင် ပါဝင်ကူညီနေကြသော အုပ်ချုပ်ရေးမှူးများနှင့် လက်ပါးစေများအားလုံး ၎င်းတို့ လုပ်ရပ်များကို ချက်ချင်း ရပ်တန့်ကြရန် နှင့် ပြည်သူ များကို ဒုက္ခပေးနေသော မည်သည့် ဒေါက်တိုင်ကိုမဆို စစ်ဦးစီးတပ်မှ အမြစ်ပြတ်သည်အထိ ပြတ်သားစွာ ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။






