ရန်ကုန်၊ မတ် ၂၆
ပဲခူးတိုင်း၊ မုန်းမြို့နယ်ရှိ နိုဘိုးခီးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မုန်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၃၉ တပ်ရင်းက နိုဘိုးခီးကျေးရွာအတွင်းကို အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်များသည် ညောင်လေးပင်ခရိုင်အတွင်းရှိ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များတို့ဖြစ် နေ့စဉ်ရက်ဆက်ပစ်ခတ်လျက်ရှိသောကြောင့် အရပ်သားပြည်သူလူထုများ ထိတ်လန့် ကြောက်ရွံမှုများစွာဖြင့် အသက်ရှင်နေထိုင်နေရကြောင်း kNU ဗဟိုက ပြောဆိုထားသည်။
ထို့ပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အစပ်ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ်နှင့် မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးသည် ဆိပ်ဖြူမြို့နယ် အစပ်ရှိ ကျေးရွာများကို ၁၀ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ကျေးရွာအနီးအနားများတွင်သာ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေယာဉ် ၃ စီးနဲ့ ၁၀ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေတော့ ထိခိုက်တာမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဂုံညင်းရွာအနီးတဝိုက်ကိုလည်း စစ်တပ်က Y-12 လေယာဉ်ဖြင့် အကြိမ် ၃၀ ထက်မနည်း ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မြိတ်လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်က သရက်ချောင်းမြို့နယ်၊ ဂုံညင်းရွာအနီးတဝိုက်ကို အကြိမ် ၃၀ ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ တိုက်ပွဲဖြစ်ပွားရာနေရာကို ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်း ပိတ်မိနေတဲ့ နားကို ဒီနေ့ မွန်းလွဲပိုင်းမှာ ထပ်ကျဲသွားတာပေါ့။ နေ့တိုင်းကျဲနေတာ အဲနားတွေက ပြည်သူတွေတော့ ထိခိုက်တာမရှိပါဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။






