ရန်ကုန်၊ မတ် ၂၇
ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် တစ်ရက်အတွင်း ဆီဈေးနှုန်းများမှာ ၁ လီတာလျှင် အနည်းဆုံး ငွေကျပ် ၈၀၀ မှ ငွေကျပ် ၁,၃၀၀ နီးပါးအထိ စံချိန်တင် မြင့်တက်သွားခဲ့ပြီးနောက် မတ်လ ၂၇ ရက်နေ့မှစတင်ကာ ယာဉ်အမျိုးအစားနှင့် အင်ဂျင်ပါဝါအလိုက် ဆီများကို ကန့်သတ်ရောင်းချမည်ဖြစ်ကြောင်း စစ်တပ်က ကြေညာသည်။
ယခင်ကျင့်သုံးခဲ့သည့် စုံ/မ စနစ်ကိုလည်း လုံးဝပယ်ဖျက်ခြင်းမရှိဘဲ ဆက် လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ စစ်တပ်က ထုတ်ပြန်သည့် ရည်ညွှန်းဈေးများအရ စက်သုံးဆီအမျိုးအစား အားလုံး တစ်လီတာလျှင် ကျပ် ၈၀၀ မှ ၁,၃၀၀ နီးပါးအထိ မြင့်တက်သွားပြီး ရန်ကုန်မြို့တွင် 92 Ron တစ်လီတာလျှင် ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ၄,၉၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆,၀၈၅ ကျပ်အထိ ရှိလာခဲ့သည်။ မန္တလေးနှင့် အခြားမြို့ကြီးများတွင်မူ ဈေးနှုန်းမှာ ယခုထက် ပိုမိုမြင့်မားလျက်ရှိသည်။
ယနေ့စတင်မည့် စနစ်သစ်အရ ယာဉ်များ၏ Wheel Tax စတစ်ကာပါ Hologram ကို Scan ဖတ်၍ သတ်မှတ်ပမာဏအတိုင်းသာ ဝယ်ယူရမည်ဖြစ်ပြီး အိမ်စီးကားများအတွက် တစ်ပတ်လျှင် ဝယ်ယူခွင့်ပမာဏ (Quota) များ သတ်မှတ်ထားကြောင်း သိရှိရသည်။
အင်ဂျင်ပါဝါ 1.3 CCအထိ ယာဉ်များမှာ တစ်ပတ်လျှင် စက်သုံးဆီ ၃၅ လီတာ၊ အင်ဂျင်ပါဝါ 2.0 / 2.4 CCအထိယာဥများကို တစ်ပတ်လျှင် ဆီ ၄၀ လီတာ၊ အင်ဂျင်ပါဝါ 3.0 CC နှင့် အထက်ယာဉ်များကို တစ်ပတ်လျှင် ဆီ ၄၅ လီတာ သာ ထည်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ဆီရရှိမည့် Quota ပမာဏကို တစ်ပတ်လျှင် ၂ ကြိမ်သာ ခွဲဝယ်ခွင့်ရှိမည်ဖြစ်ပြီး သတ်မှတ်အကြိမ်ရေ သို့မဟုတ် လီတာပမာဏ ကျော်လွန်ပါက ထိုအပတ်အတွင်း ထပ်မံဖြည့်တင်းခွင့် ရရှိမည်မဟုတ်ကြောင်း သိရှီရသည်။
အဆိုပါ စနစ်သစ် စတင်သော်လည်း ယခင်ကျင့်သုံးခဲ့သည့် ယာဉ်အမှတ်ပြားအဆုံးသတ်ဂဏန်းပေါ်မူတည်၍ ခွဲခြားဝယ်ယူရသည့် စုံ/မ စနစ်ကို လုံးဝပယ်ဖျက်ထားခြင်း မရှိသေးပေ။
ထို့ကြောင့် ယာဉ်မောင်းများအနေဖြင့် မိမိတို့၏ ဝယ်ယူခွင့်နေ့ရက်တွင်သာ QR Scan ဖတ်၍ သတ်မှတ်လီတာအတိုင်း ဝယ်ယူရမည့် အခြေအနေတွင် ရှိနေသည်။
အငှားယာဉ် (Taxi) များအတွက်မူ တစ်ပတ်လျှင် ဆီ ၉၀ လီတာမှ ၁၁၀ လီတာအထိ ၃ ကြိမ်ခွဲ၍ ဝယ်ယူခွင့်ပေးထားပြီး၊ ဆိုင်ကယ်များမှာ တစ်ပတ်လျှင်ဆီ ၈ လီတာသာ ရရှိမည်ဖြစ်သည်။
ဈေးနှုန်းမြင့်တက်မှုနှင့်အတူ ကန့်သတ်ချက်များပါရှိလာသည့်အတွက် ခွဲတမ်းစနစ်နှင့် ဆီပြတ်လပ်မှုကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအပေါ် ရိုက်ခတ်မှုကြီးမားလာမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက ဆိုသည်။






