27 C
Yangon

အီရန်စစ်ပွဲ နောက်ဆက်တွဲ ဒီဇယ်ဆီဈေး စံချိန်တင်မြင့်တက်မှုကြောင့် မြန်မာ့စီးပွားရေး၏ အဓိက အုတ်မြစ် စိုက်ပျိုးရေးနှင့် ကုန်စည်ပို့ဆောင်ရေး ကဏ္ဍ စတင်ပြိုလဲနေ

Must read

ရန်ကုန်၊ မတ် ၂၇

အီရန်နှင့်အစ္စရေး-အမေရိကန် ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံလမ်းကြောင်းများ ပိတ်ဆို့မှုနောက်ဆက်တွဲအဖြစ် မြန်မာ နိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ အဆမတန် ထိုးတက်သွားရာမှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ အားလုံး တစ်ပြိုင်နက်တည်း စတင်ပြိုလဲမည့်အခြေ အနေနှင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံကုန်သည်စက်မှုအသင်း-UMFCCI မှ စီးပွားရေးသမားတချို့က ပြောဆိုသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများတွင် ဒီဇယ်ဆီ ရရှိမှုက အဓိ က ကျပြီး ဒီဇယ်ဆီများ ပြတ်လပ်နေခြင်းက အဆိုပါကဏ္ဍများကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ရိုက်ခတ်လာကြောင်း၊ ဒီဇယ်ဆီးစျေးကြီးခြင်းနှင့် ပြတ်လပ်ခြင်းတို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း UMFCCI မှ စီးပွားရေးသမားက ရှင်းပြသည်။

“ဒီဇယ်က နယ်တွေမှာ မရကြလို့ အကူအညီတောင်းကြတယ်။ ဘယ်လိုလုပ်မလဲဆိုတာကို နယ်တောင် သူတွေက ပွဲရုံ၊ကုန်သည်နဲ့ နယ်စီးပွားရေးသမားကြီးတွေဆီကတစ်ဆင့် တင်ပြလာကြတယ်။ ဒီဘက်မှာလည်း အစိုးရနဲ့ အသင်းတွေပေါင်းပြီး ဖြန့်ဖြူးပေးနေပေမယ့် ကဏ္ဍတစ်ခုလုံးကို မခြုံငုံနိုင်ဘူး။ ဆီမလုံလောက်တာနဲ့ စျေးကြီးတာ၊ ရှားပါးတာ အဲဒါက အဓိက ပြဿနာဖြစ်နေတာ။ နွေစပါးရိတ်ဖို့ စိုက်ပျိုးဖို့တွေ အလုပ်တွေ ရပ်နေပါပြီဆိုပြီး အကူအညီတောင်းလာကြတယ်” ဟု UMFCCI မှ စီးပွားရေးသမားကရှင်းပြသည်။

လတ်တလော ဧရာဝတီနှင့် ပဲခူးတိုင်းရှိ တောင်သူများမှာ နွေစပါးရိတ်သိမ်းရန် ဒီဇယ်မရသဖြင့် မိမိတို့၏ တစ်နှစ်စာ သီးနှံများ လယ်ထဲတွင် ပျက်စီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ဆန်စပါးအသင်းချုပ်မှ ၅ ရက်စာခန့် ဆီရရှိအောင် ကူညီနေသော်လည်း လိုအပ်ချက်ထက် များစွာနည်းပါးနေသည်။

မွေးမြူရေးကဏ္ဍတွင်လည်း ငါးကန်များ ရေတင်ရန်နှင့် အစာစက်များ မောင်းနှင်ရန် ဒီဇယ်ဈေးနှုန်းကို မတတ်နိုင်တော့သဖြင့် မွေးမြူရေးသမားများပါ လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းမှုများရှိနေကြောင်း သိရှိရသည်။

ဒီဇယ်ဆီမှာ ယနေ့တွင် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၅,၄၅၀ ကျပ်နှင့် ပရီမီယံဒီဇယ်မှာ ၆,၀၈၅ ကျပ်အထိ စံချိန်တင်ထိုးတက်နေပြီး နယ်ဒေသများရှိ မှောင်ခိုစျေးကွက်တွင် ဒီဇယ်တစ်ပါပီလျှင် ငွေကျပ် အနည်းဆုံး သိန် ၂၀ အထက်တွင်ရှိနေကြောင်း သိရှိရသည်။

စက်သုံးဆီ မရရှိသဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများမှာလည်း ယာယီ ရပ်နားနေရပြီး ကုန် ဈေးနှုန်းများမှာ ထိန်းမနိုင်သိမ်းမရ မြင့်တက်လာသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီရရှိမှု ခက်ခဲလာခြင်းနှင့်အတူ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ကုန်တင်ကားများ စက်သုံးဆီ လုံလောက်စွာမရရှိသဖြင့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံသို့ အကူအညီတောင်းခံထားရသည်။

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ရပ်တန့်မသွားစေရန်နှင့် တန်ဆာခနှုန်းထားများ မတက်လာစေရန်အတွက် သက်ဆိုင်ရာ စစ်ကောင်စီအဖွဲ့အစည်းများ၊ ဆီလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေးရန် တောင်းဆိုထားသော်လည်း လက်တွေ့တွင် ၂ ပတ်ကြာသည်အထိ အဖြေမရဘဲဖြစ်နေကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ရပ်နားနေပြီဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ အလုပ်တွေ စတင်ပြီး ရပ်လိုက်ပါပြီ။ ဆီလည်းမရသလို ဆီရရင်လည်း စျေးက မကိုက်ဘူး။ ကုန်တင်ပြီး ကားကထွက်သွားလို့မှ အပြန်မှာ ဆီရမှာလား၊ မရမှာလား မသေချာတော့ ခဏ အလုပ်တွေ ရပ်လိုက်တယ်” ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ကုန်စည်လုပ်ငန်းရှင်များက ကုန်တင်ကားအမျိုးအစားအလိုက် (ဥပမာ – ၆ ဘီးကား ၁ ဂါလံ ၁၀ မိုင်နှုန်း၊ ၂၂ ဘီးကား ၁ ဂါလံ ၆ မိုင်နှုန်း စသဖြင့်) ဆီခွဲတမ်းရောင်းချပေးရန် တင်ပြထားသော်လည်း လက်ရှိအချိန်အထိ တိကျသော အဖြေမရရှိသေးဘဲ အစည်းအဝေးများသာ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းနှင့် အခြားဒေသများတွင်လည်း ဒီဇယ်တစ်ပီပါလျှင် ၁၆ သိန်းမှ ၂၃ သိန်း အထိ မှောင်ခိုစျေးကွက်တွင် ပေးဝယ်နေရသည်။

လက်ရှိတွင် အစိုးရက စက်သုံးဆီကို “စုံ/မ” စနစ် ဖြင့် ကန့်သတ်ရောင်းချနေခြင်း၊ အင်ဂျင်ပါဝါ အလိုက် ဆီကန့်သတ်ရောင်းချခြင်း၊ ပုံး/ပီပါဖြင့် ရောင်းချမှုကို တားမြစ်ထားခြင်းတို့ကြောင့် မှောင်ခိုစျေးကွက်သာ ပိုမိုကြီးထွားလာပြီး အမှန်တကယ် လိုအပ်နေသော ကုန်ကားသမားများမှာ ဆီဝယ်ယူရန် အခက်တွေ့နေရဆဲ ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article