ရန်ကုန်၊ မတ် ၂၇
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် “ကြိုက်တဲ့ PDF ခေါ်လာခဲ့ မကြောက်လို့ အုပ်ချုပ်ရေးမှူး တက်လုပ်တာ” ဟု စိန်ခေါ်ထားသော မင်းဇော်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ ညောင်ဝင်းရွာမှ အုပ်ချုပ်ရေးမှူး ဇော်မင်း (ခ) ကုလားကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း (၁) တပ်ခွဲ(၄)နှင့် ပြည်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၄) မှ ရဲဘော်များက ၎င်းနေအိမ်အတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဇော်မင်း (ခ) ကုလားသည် ၎င်း၏ သားဖြစ်သူ ရဲတပ်သား အကူအညီဖြင့် ယခင်အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပြီး အုပ်ချုပ်ရေးမှူး နေရာကို ရယူထားသူဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးဖြစ်လာပြီးနောက် “ကြိုက်တဲ့ PDF ခေါ်လာခဲ့ မကြောက်လို့ အုပ်ချုပ်ရေးမှူး တက်လုပ်တာ” ဟု စိန်ခေါ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇော်မင်းသည် ညောင်ဝင်းကျေးရွာအုပ်စုအတွင်း “ငါ့သားကရဲ။ ငါကအုပ်ချုပ်ရေးမှူး” ဟု ကြွေးကြော်ကာ ကျေးရွာနေ ပြည်သူများကို အကြောက်တရားရစေရန် နည်းမျိုးစုံ ခြိမ်းခြောက်ခြင်း၊ စစ်မှုထမ်းပေါ်တာဆွဲပေးခြင်း၊ ပေါ်တာကြေးများကို တရားလွန်ကောက်ခံခြင်းများပါ ပြုလုပ် ကျူးလွန်နေသူဖြစ်ကြောင်း သိရသည်။
“အဲ့ကောင်က ညောင်ဝင်းကျေးရွာအုပ်စုထဲမှာ ထင်တိုင်းကျဲပြီး သောင်းကျန်းနေတာ ပြည်သူတွေလည်း တိုင်ကြားတာ တော်တော်လေးများတယ်။ စစ်မှုထမ်း ကိစ္စ ပေါ်တာဆွဲတာတွေလည်း တော်တော်လေးကို ကျူးလွန်လာတာ ပြည်သူတွေဆီကလည်း လစဉ် စစ်မှုထမ်းတွေ မတရားကောက်ခံတာတွေ လုပ်ဆောင်နေတယ်။ သူအုပ်ချုပ်ရေးမှူးဖြစ်လာတော့ ကြိုက်တဲ့ PDF ခေါ်လာခဲ့ မကြောက်လို့ အုပ်ချုပ်ရေးမှူး တက်လုပ်တာ လို့လည်း စိန်ခေါ်ထားတဲ့ကောင်ပါ အဲတာတွေကြောင့် တိုက်ခိုက်ရခြင်းဖြစ်တယ်” ဟုပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရှင်းပြသည်။
လက်ရှိတွင် စစ်တပ်က သဲကုန်းမြို့ကို အခြေပြု၍ အထိုင်ချတပ်စွဲထားသော်လည်း မြို့နယ်အတွင်းရှိကျေးရွာများကို နယ်မြေစိုးမိုးမှု မလုပ်နိုင်ဘဲ တော်လှန်ရေးတပ်များက စိုးမိုးထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- မြို့ပြတော်လှန်ရေးအင်အားစုက စစ်တပ်ဘက်တော်သား ၁ ဦးကို ပစ်ခတ်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




