ရန်ကုန်၊ မတ် ၂၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ပြောင်းပြရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၅ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြောင်းပြာရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြေားပြာရွာရှိ နေအိမ် ၁၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် ပြောင်းပြာရွာနှင့် ယင်းမပင်မြို့ပေါ်ကို ကူးသန်းသွားလာနေဆဲဖြစ်၍ ပြည်သူများသည် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း၊ ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ရေးတင်းမာနေကြောင်း သိရှိရသည်။
“ပြောင်းပြာရွာ မီးရှို့ဖျက်ဆီးခံရတာဟုတ်ပါတယ်။ အဲရွာက ခန့်မှန်း အိမ်ခြေ ၂၀၀ ကျော် လောက်ရှိတယ်။ မီးထဲ တော်တော် ပါသွားတယ်။ နေအိမ် ၁၀၀ လောက်ရှိမယ်ထင်တယ်။ နောက်ပြီး ဝက်မှေးရွာသစ် အနောက်မြောက်ဘက်က ဇက်ဆိပ်သွားတဲ့လမ်း တောက်လျှောက်မှာလည်း စစ်ခွေးတွေ နေရာယူထားတာ အပြည့်ပဲ ယင်းမာပင်မြို့ပေါ်နဲ့ ပြောင်းပြာရွာကို ခွေးတွေကူးနေတယ်။ ရွာသူ ရွာသားတွေတော့ ရွာထဲကို မကပ်ရဲသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
မတ်လ ၁၈ ရက်နေ့တွင် ပေါက်မြို့ပေါ်သို့ ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့မှတဆင့် ပေါက်တောင်ပိုင်း ပျူစောထီးကျေးရွာများကို ရိက္ခာပို့ရန် ကားအစီး ၃၀ ကျော် အင်အားအများအပြားဖြင့် ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပေါက်မြို့နှင့် ပျူစောထီးကျေးရွာကြားရှိ ရွာပေါင်း ၁၄ ခုနှင့် ပေါက်- ဆိပ်ဖြူ လမ်းပိုင်းရှိ ရွာပေါင်း ၇ ခုမှ ပြည်သူ ၁၇၀၀၀ ခန့် သည် နီးစပ်ရာကျေးရွာများနှင့် တောတောင်များ အကြားတွင် ယနေ့ မတ်လ ၂၇ ရက်နေ့ထိ တိမ်းရှောင်နေရကြောင်း၊ ထို့ကြောင့် စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိချိန်တွင် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။
“ပေါက်မြို့ပေါ်ကို ရောက်လာတဲ့ စစ်ခွေး ရိက္ခာယာဉ်တန်းက ပေါက်နယ်တွေက ပျူစောထီးရွာတွေကို ရိက္ခာထပ်ပို့ဖို့ စစ်ကြောင်းထိုးလာတာပေါ့။ အဲကောင်တွေက ပျူစောထီးရွာတွေကို သွားတဲ့ လမ်းတောက်လျှောက်မှာရှိတဲ့ ရွာတွေကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး ရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်လို့ ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို ရိက္ခာပို့ယာဉ်တန်းသည် မတ်လ ၉ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာခြင်းဖြစ်ပြီး ရိက္ခာယာဥ်တန်း အစီး ၁၅၀ ကျော် ပါဝင်ကာ ပုဂံ-ညောင်ဦး-ချောက်လမ်းပိုင်းမှ တဆင့် ဆိပ်ဖြူ ကပစ ၂၂ ကိုရောက်ရှိလာကြောင်း၊ ထိုမှ တဆင့် ပေါက် ကပစ ၂၄ လက်နက်စက်ရုံသို့ ဦးတည်ထွက်ခွာလာပြီး ဆိပ်ဖြူ-ပေါက် လမ်းတလျောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးကာ ပေါက်မြို့ပေါ်ကို ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။






