27 C
Yangon

ပေါ်တာဆွဲမှုများ များပြားနေသော တောင်ငူ- နေပြည်တော်လမ်းတွင် အိုးဝေအငှားယာဉ်မောင်း ကိုချစ်ဦး ပျောက်ဆုံးနေ၊ ဝမ်းတွင်းတွင်လည်း ပေါ်တာဆွဲ ဖမ်းဆီးရန် လာသော စစ်တပ်ကို တိမ်းရှောင်ရင်း လူငယ် ၁ ဦး မြွေကိုက်ခံရ၍ သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၇

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် နေထိုင်သော အိုးဝေအငှားယာဉ်မောင်း ကိုချစ်ဦးသည် တောင်ငူမှ နေပြည်တော်သို့ ခရီးသည် လိုက် လံ ပို့ဆောင်စဉ် ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့တွင် အိုးဝေအငှားယာဉ်မောင်း ကိုချစ်ဦးသည် တောင်ငူမှ နေပြည်တော်သို့ လိုက်လံ ပို့ဆောင်ပေးရန် အမျိုး သမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးက ငှားရမ်းခြင်းကြောင့် နေပြည်တော်သို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုသို့ သွားရောက်ပို့ဆောင်ပေးစဉ် လမ်းခရီး၌ အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုချိန်ထိ အဆက်အသွယ် မရသေးပါဘူး။ ကိုချစ်ဦးက တောင်ငူကနေ နေပြည်တော်ကို အိုးဝေအငှားလိုက်သွားတာ အခုထိ အိမ်ပြန်မရောက်သေးဘဲ အဆက်အသွယ် ပြတ်နေတာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးက ငှားသွားလို့ လိုက်ပို့တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင်လည်း ကျေးရွာအတွင်း ပေါ်တာဆွဲ ဖမ်းဆီးရန် လာသော စစ်သားများကို တိမ်း ရှောင် စဉ် လူငယ် ၁ ဦး မြွေကိုက်ခံရပြီး သေဆုံးခဲ့ကြောင်း Voice Of Wundwin ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မတ်လ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် ဖလန်ကန်ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးရန် လာရောက်မည်ဆိုခြင်းကြောင့် ကျေးရွာအတွင်းမှ လူငယ်များ ရွာပြင်ကို ထွက်ပြေး တိမ်းရှောင်ပြီး ချုံများ၌ ပုန်းအောင်းနေစဉ် အသက် ၄၂ နှစ်အရွယ် အမျိုးသား ၁ ဦး မြွေကိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝမ်းတွင်းမှာ စစ်ခွေးတွေက နေ့တိုင်းနီးပါး ပေါ်တာဆွဲနေတာဆိုတော့ ရွာထဲက အမျိုးသားတွေက ညဆို ရွာပြင်တွေမှာ တိမ်း ရှောင်နေရတာ အဲ့နေ့ ညကလည်း ဖလန်ကန်ရွာကို ပေါ်တာလာဆွဲမှာ ဆိုတဲ့ သတင်းကြောင့် ရွာထဲက လူငယ်တွေက ရွာပြင်ထွက်ပြီး ချုံတွေထဲမှာ တိမ်းရှောင်နေတုန်း မြွေကိုက်ခံပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့တာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် မတ်လ ၁၉ ရက်နေ့ကလည်း မြောက်ဇဂျမ်းကုန်းမှ လူငယ် ၂ ဦး သည် အရှေ့ဆည်ရွာ၌ ပန်းရံလုပ်ပြီး နေအိမ်သို့ ပြန်လာစဉ် အကြမ်းဖက် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဓာတ်ပုံ – ပျောက်ဆုံးနေသော အိုးဝေအငှားယာဉ်မောင်း ကိုချစ်ဦး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article