27 C
Yangon

အုတ်ဖိုမြို့နယ်တွင် CDM သူနာပြုဆရာမ မမေဇွန်မိုးကို မုဒိမ်းကျင့်သတ်ဖြတ်ရာ၌ ပါဝင်ခဲ့သည့် ပျူစောထီး မောင်ဆန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၇

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြုဆရာမ မမေဇွန်မိုးကို မုဒိမ်းကျင့်သတ်ဖြတ်ရာ၌ ပါဝင်ခဲ့သည့် ပျူစောထီး မောင်ဆန်းကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာအုပ်စု၊ အောင်သုခရပ်ကွက်တွင် နေထိုင်သော ပျူစောထီး မောင်ဆန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားအဖွဲ့မှ ရဲဘော်များက ၄င်းနေအိမ်၌ သွားရောက် ဖမ်းဆီးစဥ် အဖမ်းမခံဘဲ ထွက်​ပြေးသောကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း မောင်ဆန်းနှင့်အတူရှိနေသော ပျူစောထီး ခေါင်းဆောင် ၁ ဦးကိုလည်း တော်လှန်ရေး ရဲဘော်များက လိုက်လံ ပစ်ခတ်ခဲ့သော်လည်း ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီး မောင်ဆန်း သည် အကြမ်းဖက်စစ်တပ်၏ အမာခံဒေါက်တိုင်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့က CDM သူနာပြုဆရာမ မမေဇွန်မိုးကို တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ တပ်ရင်းမှ စစ်သားများနှင့်အတူ မုဒိန်းကျင့်သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သူဖြစ်ကြောင်း၊ ထို့ပြင် မောင်ဆန်းသည် စစ်တပ်ကို မမှန်သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များကို စစ်တပ်နှင့်အတူ လိုက်လံ၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Black Tiger ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

“အဲကောင်က ခမရ ၆ တပ်ရင်းထဲမှာပဲ ရှောင်နေတာကြာပြီး ကျနော်တို့ ရဲဘော်တွေလည်း အဲကောင် အိမ်ပြန်ရောက်နေတာသိလို့ အရှင်ဖမ်းဖို့ဆိုပြီး သွားတာပဲ ရဲဘော်တွေကို မြင်တော့ အဲကောင်က ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးတာ ခေါင်းကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု Black Tiger ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားအဖွဲ့ အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်အုပ်စုအပြင် ၎င်းတို့​၏ ဒေါက်တိုင်များကိုလည်း တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article