ရန်ကုန်၊ မတ် ၂၇
အကြမ်းဖက်စစ်အုပ်စုက ပြည်သူများနေထိုင်ရာ ရွာများ၊ လယ်ယာမြေများနှင့် သီးပင်၊ စားပင်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်လက်မီးရှို့ ဖျက်ဆီးနေကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂ ၏ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြသည်။
မတ်လ ၂၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနား၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပြည်သူများ၏ ကျေးရွာများ၊ လယ်ယာမြေများနှင့် သီးပင်စားပင်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးနေကြောင်း ထည့်သွင်းပြောကြားကာ စစ်တပ်၏ လူမဆန်သော လုပ်ရပ်များကို ကုလသမဂ္ဂတွင် တင်ပြခဲ့သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ မြေဧရိယာ ၄၂ ရာခိုင်နှုန်းကျော်သည် သစ်တောများ ဖုံးလွှမ်းနေသော်လည်း ယခင်က ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ကြောင်း၊ ထိုသို့ သစ်တောပြုန်းတီးရခြင်းမှာ ဆယ်စုနှစ်များစွာ သယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ တရားမဝင် သစ်ခိုးထုတ်ခြင်းနှင့် စစ်အာဏာရှင်အုပ်စုအတွင်း အမြစ်တွယ်နေသည့် အဂတိလိုက်စားမှု၊ ခရိုနီစနစ်တို့ကြောင့်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အုပ်စုသည် သစ်တောသယံဇာတများကို တရားမဝင် ထုတ်ယူရောင်းချကာ အကျိုးအမြတ် ရယူနေသည့်အပြင် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ လယ်ယာမြေများနှင့် သီးပင်စားပင်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သူက ထုတ်ဖော်ခဲ့သည်။
ထိုသို့သော အကြမ်းဖက်မှုများကြောင့် လက်ရှိတွင် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ရသူ (IDP) ၃.၆ သန်းကျော်အထိ ရှိလာပြီဖြစ်သည်။
စစ်အုပ်စု၏ နေ့စဉ်ရက်ဆက် ပြုလုပ်နေသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သစ်တောများ သည် ပြည်သူများအတွက် အရေးပါသော အခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့ကြောင်း၊ ယခုအခါ သစ်တောများသည် လေကြောင်းရန်မှ လုံခြုံစွာ ခိုလှုံရာ “အမိုးအကာ” အဖြစ်လည်းကောင်း၊ နေရပ်စွန့်ခွာသူများအတွက် ယာယီ “အိုးအိမ်” အဖြစ်လည်းကောင်း၊ ကလေးသူငယ်များနှင့် လူငယ်များအတွက် ပညာသင်ကြားရာ “စာသင်ကျောင်း” အဖြစ်လည်းကောင်း ပြောင်းလဲဖြစ်ပေါ်နေရကြောင်းသူက ရှင်းပြသည်။
အမျိုးမျိုးသော စိန်ခေါ်မှုများကြားမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် Forest Trends နှင့် ပူးပေါင်းကာ ဂြိုဟ်တုစနစ်သုံး၍ သစ်တောဧရိယာ ဟက်တာ ၁ သန်းကျော်ကို စောင့်ကြည့်လျက်ရှိသည်။
ပြီးခဲ့သည့် ၉ လအတွင်း သစ်တောပြုန်းတီးမှု သတိပေးချက် ၅၅,၃၄၀ ခုကို ထောက်လှမ်းနိုင်ခဲ့ပြီး တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းများကို အရေးယူပိတ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုဗဟိုပြု အုပ်ချုပ်မှုရှိရေးတို့သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နောင်လာမည့်မျိုးဆက်များအတွက် သစ်တောသယံဇာတများကို ကာကွယ်ရန် အခြေခံအုတ်မြစ်ဖြစ်ကြောင်း သံအမတ်ကြီးက အလေးပေးပြောကြားခဲ့ကာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများကို ထိရောက်စွာ ပံ့ပိုးကူညီပေးရန် တောင်းဆိုခဲ့သည်။





