27 C
Yangon

မြ၀တီမြို့နယ်၊ KK Park ကျားဖြန့် ငွေလိမ်ဂိုဏ်းများထံသို့ လူများပို့ဆောင်နေသည့် တရားခံတစ်ဦးကို အိန္ဒိယအာဏာပိုင်များ ဖမ်းဆီး

Must read

ရန်ကုန်၊ မတ် ၂၈

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KK Park ကျားဖြန့် ငွေလိမ်ဂိုဏ်းများထံသို့ လူများပို့ဆောင်နေသည့် တရားခံတစ်ဦးကို အိန္ဒိယအာဏာပိုင်များ ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယမှ လာသော သတင်းများအရ သိရှိရသည်။

အိန္ဒိယနိုင်ငံသားများအား အလုပ်အကိုင်အတုများဖြင့် မြှူဆွယ်ကာ မြန်မာနိုင်ငံ၊ မြဝတီဒေသရှိ ခရစ်ပတို (Crypto) ငွေလိမ်ဂိုဏ်းများအတွင်းသို့ ပို့ဆောင်ပေးနေသည့် ဂိုဏ်းချုပ်တစ်ဦးကို အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ မွန်ဘိုင်းအခြေစိုက် Sunil Nellathu Ramakrishnan (ခေါ်) Krish ဖြစ်ပြီး ၎င်းသည် အိန္ဒိယနိုင်ငံသားများအား ဒေလီမှ ဘန်ကောက်သို့ ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ကာ၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီဒေသရှိ KK Park အမည်ရှိ အွန်လိုင်းငွေလိမ်စခန်းသို့ ပို့ဆောင်ခဲ့သူဖြစ်သည်။

အဆိုပါစခန်းများသို့ ရောက်ရှိသွားသည့် သားကောင်များကို Digital Arrest Scams- ဒစ်ဂျစ်တယ်နည်းပညာသုံး အကျပ်ကိုင်ငွေတောင်းခြင်း၊ Romance Frauds- အွန်လိုင်းမှတစ်ဆင့် အချစ်ဇာတ်လမ်းဆင်ကာ ငွေလိမ်ခြင်း၊ Crypto Investment Schemes- ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု အယောင်ပြကာ လိမ်လည်ခြင်းများ လုပ်ဆောင်ခိုင်းကြောင်း၊ ထိုသို့ ခိုင်းစေရာတွင် သားကောင်များအား အကျဉ်းချထားခြင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းနှင့် သွားလာမှုကို ပြင်းထန်စွာ ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း CBI က ဆိုသည်။

တရားခံ၏ နေအိမ်ကို ရှာဖွေရာတွင်လည်း မြန်မာနှင့် ကမ္ဘောဒီးယားရှိ လူကုန်ကူးမှုကွန်ရက်များနှင့် ဆက်စပ်သည့် ဒစ်ဂျစ်တယ်သက်သေအထောက်အထားများ သိမ်းဆည်းရမိခဲ့သည်။

အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်စခန်းများသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုအဖွဲ့အစည်းကြီးများ ဖြစ်လာနေပြီး နိုင်ငံတကာကလည်း အရှိန်အဟုန်ဖြင့် နှိမ်နင်းလျက်ရှိသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းရှိ ငွေလိမ်ဂိုဏ်းချုပ် မင်းမိသားစုဝင် ၁၁ ဦးကို ဖမ်းဆီးအရေးယူသေဒဏ်ပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စုကလည်း မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့ရှိ ငွေလိမ်ဂိုဏ်းများထံမှ အမေရိကန်ဒေါ်လာ ၅၈၀ သန်းကျော်တန်ဖိုးရှိ ခရစ်ပတိုငွေကြေးများကို သိမ်းဆည်းနိုင်ခဲ့သည်။

နိုင်ငံတကာရဲတပ်ဖွဲ့-Interpolကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။

ယခုဖမ်းဆီးမှုသည် အိန္ဒိယနိုင်ငံသားများအား ပစ်မှတ်ထားနေသည့် ငွေလိမ်ကွန်ရက်များကို ဖြိုခွင်းလိုက်ခြင်းဖြစ်သလို၊ ခရစ်ပတိုငွေကြေးနယ်ပယ်တွင်လည်း လိမ်လည်မှုများ လျော့နည်းသွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article