ရန်ကုန်၊ မတ် ၂၈
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ သဲတောရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် တောင်သာ-ဝဲလောင် လမ်းပိုင်းမှ တဆင့် ကိုင်းရွာ ၊သာစည်ရွာ ၊ ဗျိုင်းအင်းရွာနှင့် သဲတောရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းနေ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သဲတောကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် မတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သဲတောရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခံရခြင်းကြောင့် သဲတောရွာအတွင်း နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ပြီး စစ်တပ်က လက်ရှိချိန်ထိ ကျေးရွာများအနီးရှိနေသေးသောကြောင့် ရွာထဲရှိ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက ၂၆ ရက်နေ့ ညနေပိုင်းက ၁ ကြိမ်၊ ၂၇ ရက်နေ့ နံနက်ပိုင်းမှာ ၁ ကြိမ်ပေါ့။ ၂ ရက်ဆက်ကို မီးရှို့သွားတာ နေအိမ်တော်တော်များ မီးလောင်ပျက်စီးတယ်။ ပျက်စီးတဲ့ နေအိမ်အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းတွေက ရွာတွေအနီးမှာ ပတ်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ တောင်သာမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း စစ်တပ်က နန်းတည်းရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၁၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရှိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မတ်လ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၂၂ လက်အောက်ရှိ ခမရ ၂၀၂ တောင်ကလေး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ဘန့်ဘွေးကုန်းကျေးရွာအုပ်စုရှိ ထုံးတောင်ရွာ လယ်တောထဲများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထုံးတောင်ရွာ သစ်တောများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခြင်းကြောင့် ဒေသပြည်သူများက တောမီးလောင်မည်ကို စိုးရိမ်၍ မီးတားလမ်းများ ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




