ရန်ကုန်၊ မတ် ၂၈
အကြမ်းဖက်စစ်တပ်၏ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် အကြမ်းဖက် ဇော်မင်းထွန်းမှာ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူးရာထူးမှ အနားပေးခံရပြီး ပြန်ကြားရေးဒုဝန်ကြီးအဖြစ် ဆက်ရှိနေသော်လည်း ရုံး တက်ခြင်းနှင့်အခမ်းအနားများ တက်ခြင်း မတွေ့ရတော့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ ၏ ညွှန်ကြားရေးမှူး အဖြစ် ဗိုလ်မှူးချုပ် ရဲရင့်အောင် အစားထိုးဝင်ရောက်လာပြီး အကြမ်းဖက် ဗိုလ်ချုပ် ဇော်မင်းထွန်းမှာမူ ယင်းရာထူးမှ အနားယူသွားကြောင်း၊ သို့ရာတွင် ပြန်ကြားရေးဒုဝန်ကြီး အဖြစ် ဆက်လက် ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးရုံး ညွှန်ကြားရေးမှူးက သူ ပြုတ်သွားတာလည်း ရုတ်တရက်ပဲ။ ပြန်ကြားရေးဒုဝန်ကြီးအဖြစ်ကတော့ ဆက်ရှိသေးတယ်။ ဒါပေမယ့် ရုံးတက်တာနဲ့ အခမ်းအနားတွေမှာတော့ မတွေ့ရဘူး။ အရန်အင်အားရောက်တယ်လည်း ပြောကြတယ်။ စစ်ကြောခံရတယ်ဆိုပြီးတော့လည်း မှန်းဆကြတယ်။ အဲဒါတွေတော သေချာမသိဘူး။ ပြန်ကြားရေးဒုဝန်ကြီး အဖြစ် ဆက်ရှိနေတယ်။ ရုံးတက်တာနဲ့ အခမ်းအနားတွေမှာတော့ မတွေ့ရဘူး” ဟု ပြန်ကြားရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် ဇော်မင်းထွန်း စစ်ရုံးညွှန်ကြားရေးမှူးအဖြစ်မှ ရုတ်တရက် အနားယူခြင်း၊ လူမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းအတွက် စစ်ဆေးခံရသည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။
အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်ဇော်မင်းထွန်းသည် စစ်တပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အဓိက ပြန်ကြားရေးနှင့် ဝါဒဖြင်္န့ လုပ်ဆောင်ခဲ့သူဖြစ်ပြီး သူ၏ ကြမ်းတမ်းသော စကားအပြောအဆို၊ အင်္ဂလိပ်စကားလုံးများကို အာဘောင် အာရင်းသန်သန်ဖြင့် အသံထွက်မှန်ကန်ခြင်းမရှိဘဲ ပြောဆိုမှုများကြောင့် ပြည်တွင်းပြည်ပတွင် လှောင်စရာတစ်ခုအဖြစ် အမြဲ သရော်ခံရသူလည်းဖြစ်သည်။
DSA စစ်တက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်သော ဇော်မင်းထွန်းသည် ယခင် သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ညွှန်ကြားရေးမှူးချုပ်နှင့် ပြောရေးဆိုခွင့်ရှိသူဟောင်း ဇော်ဌေးနှင့် အပတ်စဉ်တူ ကျောင်းဆင်းတူသူလည်းဖြစ်သည်။
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် မွေးဖွားခဲ့သော ဇော်မင်းထွန်းသည် ဇနီးနှင့် သမီး ၁ ဦး ရှိသည်။




