27 C
Yangon

မြောင်းမြနှင့် အုတ်တွင်တို့တွင် အုပ်ချုပ်ရေးမှူးများနှင့် နယ်ထိန်းရဲများက လူငယ်များကို မတရားဖမ်း ဆီး စစ်မှုထမ်းရန် စေခိုင်းနေ၊ ဆွေမျိုးတော်စပ်သူ လူငယ်များကိုပင် အုပ်ချုပ်ရေးမှူးများက အလွတ်မပေးဘဲ စစ်ထဲဖမ်းထည့်

Must read

ရန်ကုန်၊ မတ်လ ၂၈ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်နှင့် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တို့တွင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နယ်ထိန်းရဲများ ပူးပေါင်းကာ လူငယ်များကို နည်းမျိုးစုံဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် ငွေကြေးအဆမတန် ကောက်ခံခြင်းများ လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

မြောင်းမြမြို့နယ်၊ ကျုံတာမုတ်ဆိုးမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျော်သူမင်းနှင့် ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူး ကျော်စွာတို့သည် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဗလန်ဂု (ခ) ချစ်စမ်းမောင်ကိုပင် လိမ်လည်၍ စစ်မှုထမ်းရန် ထည့်သွင်းလိုက်ကြောင်း သိရသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး ကျော်သူမင်းသည် ရွာရှိလူငယ်များထံမှ တစ်လလျှင် ငွေကျပ် ၆ သောင်းစီကို လစဉ်ကြေးအဖြစ် အဓမ္မကောက်ခံနေပြီး လူငယ်များကိုလည်း နည်းမျိုးစုံဖြင့် ပေါ်တာဆွဲနေသောကြောင့် လက်ရှိတွင် ရွာ၌ လူငယ်များ မရှိသလောက် နည်းပါးသွားကာ အားလုံးမှာ လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“အခုနောက်ပိုင်း လူငယ်တွေကို နည်းမျိုးစုံနဲ့ ပေါ်တာဆွဲနေတာဗျ၊ အုပ်ချုပ်ရေးမှူး ကျော်သူမင်းကဆိုရင် တစ်လကို ၆ သောင်းကျပ်နှုန်းနဲ့ လစဉ်ကြေးတွေလည်း လိုက်ကောက်နေတယ်။ ရွာမှာ လူငယ်တွေ မရှိသလောက်ပဲ၊ အကုန်ပြေးကုန်ကြပြီ၊ သူတို့က တော်တော်ဆိုးတာ”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးအဖွဲ့သည် ရွာသားများအပေါ် ကြမ်းတမ်းစွာ ဆက်ဆံနေကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင်လည်း အုတ်တွင်းမြို့နယ်မှူး မြင့်ဇော်နှင့် နယ်ထိန်း မျိုးမင်းအောင်တို့ ဦးဆောင်သည့်အဖွဲ့သည် ရွာသားများကို အဓိကထား၍ သောင်းကျန်းဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

၎င်းတို့သည် အရပ်သားများကို အသုံးချကာ ရွာသားများ မြို့ပေါ်သို့ တက်လာချိန်တွင် ဖမ်းဆီးနေပြီး၊ ဖမ်းဆီးရာ၌လည်း သေလု မတတ် ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့်အတွက် ကျေးရွာနေပြည်သူများမှာ မြို့ပေါ်သို့ သွားလာရန်ပင် ကြောက်လန့်နေကြရသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူး မြင့်ဇော်နဲ့ နယ်ထိန်း မျိုးမင်းအောင်တို့က ရဲနဲ့ နယ်ထိန်းက မွေးထားတဲ့ကောင်တွေနဲ့ ပေါင်းပြီး သောင်း ကျန်းနေတာ၊ ရွာကလူတွေ မြို့ပေါ်သွားဖို့တောင် မဝံ့ရဲကြဘူး။ ဖမ်းမိရင်လည်း သေလောက်အောင် ရိုက်ပြီးမှ ဖမ်းတာ၊ ရွာသားတွေကိုပဲ ရွေးဖမ်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

လက်ရှိတွင် အဆိုပါဒေသများ၌ စစ်ကောင်စီလက်ဝေခံများ၏ ဖိနှိပ်မှုများမှာ အလွန်ဆိုးရွားနေသည့်အတွက် သက်ဆိုင်ရာ တော် လှန်ရေးအင်အားစုများအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးပါရန် ဒေသပြည်သူများက တောင်းဆိုထားကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article