ရန်ကုန်၊ မတ်လ ၂၉
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီခွဲတမ်းများ ပုံမှန်မရရှိတော့ခြင်းနှင့် ဆီလိုသ လောက် ဝယ်ယူ၍မရသည့် အခက်အခဲများကြောင့် ပြင်ပမှောင်ခိုစျေးကွက် အကြီး အကျယ် ဖြစ်ထွန်းလာပြီး စျေးနှုန်းများမှာလည်း စံချိန်တင် မြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
လက်ရှိ ရန်ကုန်မြို့တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာနေပြီး ပြင်ပပေါက်စျေးမှာ ဓာတ်ဆီ ၁ လီတာလျှင် ငွေကျပ် ၁၂,၀၀၀ ကျပ်နှင့် ဒီဇယ် ၁ လီတာလျှင် ငွေကျပ် ၁၅,၀၀၀ ကျပ်အထိ ရှိနေသည်။
အဆိုပါ မှောင်ခိုစျေးကွက်သို့ ဆီဆိုင်အချို့ကပင် ဆီများ ပြန်လည်ရောင်းချနေခြင်းဖြစ် ကြောင်း ၊ တစ်ဖက်တွင် ဆီဆိုင်များမှာ ဆီခွဲတမ်းမရရှိတော့သဖြင့် အရောင်းရပ်နားထားရသည်ဟု ထုတ်ပြန်ထားကြသည်။
ရန်ကုန်ရှိ တစ်ပိုင်တစ်နိုင် စက်သုံးဆီဆိုင်ငယ်များမှာ သွင်းကုန်လုပ်ငန်းရှင် (Importer) များထံမှ ဆီထုတ်ယူ၍ မရတော့သဖြင့် ရှိသမျှလက်ကျန်ဆီကိုသာ QR Scan ဖတ်၍ ရောင်းချပေးနေရသည်။
သို့သော်လည်း ရောင်းချပေးသည့် အစီးရေ နည်းပါးသည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာပိုင်များက ဆီဆိုင်ငယ်များကို သတိပေးအရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ရန်ကုန်ရှိ ဆီဆိုင်ငယ်ပိုင်ရှင်တစ်ဦးက “ကျနော်တို့ ဆီဆိုင်ငယ်တွေကို အင်ပိုတာတွေက ဆီခွဲတမ်းထုတ်မပေးဘူး။ ရှိတဲ့ဆီလေးကိုပဲ စနစ်တကျ Scan ဖတ်ပြီး ရောင်းပေးနေတာပါ။ ဒါကိုတောင်မှ ရောင်းတဲ့အစီးရေ နည်းတယ်ဆိုပြီး ဆိုင်တွေကိုပဲ ဝိုင်းပြီး ဖိနေကြတယ်။ ဆီဆိုင်ငယ်တွေမှာ အဖက်ဖက်က နစ်နာနေရတာပါပဲ။”ဟု ပြောဆိုသည်။
ရန်ကုန်မြို့တွင် 92 Ron တစ်လီတာလျှင် ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ၄,၉၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆,၀၈၅ ကျပ်အထိ ရှိလာပြီး မန္တလေးနှင့် အခြားမြို့ကြီးများတွင်မူ စျေးနှုန်းမှာ ယခုထက် ပိုမိုမြင့်မားလျက်ရှိသည်။
မတ်လ ၂၇ ရက်နေ့မှစတင်ကာ ယာဉ်အမျိုးအစားနှင့် အင်ဂျင်ပါဝါအလိုက် ဆီများကို ကန့်သတ်ရောင်းချမည့် စနစ်သစ်ကို ကျင့်သုံးနေပြီဖြစ်သည်။ အဆိုပါ စနစ်အရ ယာဉ်များ၏ Wheel Tax စတစ်ကာပါ Hologram ကို Scan ဖတ်၍ သတ်မှတ်ပမာဏ (Quota) အတိုင်းသာ ဝယ်ယူရမည်ဖြစ်သည်။
အိမ်စီးကားများအတွက် တစ်ပတ်လျှင် ဝယ်ယူခွင့်ပမာဏများမှာ အင်ဂျင်ပါဝါ 1.3 CC အထိယာဉ်များမှာ တစ်ပတ်လျှင် ၃၅ လီတာ၊ အင်ဂျင်ပါဝါ 2.0 / 2.4 CC အထိယာဉ်များမှာ တစ်ပတ်လျှင် ၄၀ လီတာ၊ အင်ဂျင်ပါဝါ 3.0 CC နှင့် အထက်ယာဉ်များမှာ တစ်ပတ်လျှင် ၄၅ လီတာ သတ်မှတ်ထားပြီး အဆိုပါ Quota ပမာဏကို တစ်ပတ်လျှင် ၂ ကြိမ်သာ ခွဲဝယ်ခွင့်ရှိမည်ဖြစ်ပြီး သတ်မှတ်အကြိမ်ရေ သို့မဟုတ် လီတာပမာဏ ကျော်လွန်ပါက ထိုအပတ်အတွင်း ထပ်မံဖြည့်တင်းခွင့် ရရှိမည်မဟုတ်ကြောင်း သိရှိရသည်။
အငှားယာဉ် (Taxi) များအတွက်မူ တစ်ပတ်လျှင် ၉၀ လီတာမှ ၁၁၀ လီတာအထိ ၃ ကြိမ်ခွဲ၍ ဝယ်ယူခွင့်ပေးထားပြီး၊ ဆိုင်ကယ်များမှာ တစ်ပတ်လျှင် ၈ လီတာသာ ရရှိမည်ဖြစ်သည်။
စနစ်သစ် စတင်ခဲ့သော်လည်း ယခင်ကျင့်သုံးခဲ့သည့် ယာဉ်အမှတ်ပြားအဆုံးသတ်ဂဏန်းပေါ်မူတည်၍ ခွဲခြားဝယ်ယူရသည့် စုံ/မ စနစ် ကို လုံးဝပယ်ဖျက်ထားခြင်း မရှိသေးဘဲ ယာဉ်မောင်းများအနေဖြင့် မိမိတို့၏ ဝယ်ယူခွင့်နေ့ရက်တွင်သာ QR Scan ဖတ် ၍ သတ်မှတ်လီတာအတိုင်း တိုးကြိတ်ဝယ်ယူနေရသည်။
ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုနှင့် စျေးနှုန်းကြီးမြင့်မှု ဂယက်သည် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီအကျပ်အတည်းနှင့် ဆက်စပ်နေပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်ကာ အခြေခံလူတန်းစားများ၏ ဝမ်းရေးကို ပိုမိုကျပ်တည်းလာစေသည်ဟု WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ယမန်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။
စျေးနှုန်းမြင့်တက်မှုနှင့်အတူ ကန့်သတ်ချက်များပါ ရှိလာသည့်အတွက် ခွဲတမ်းစနစ်နှင့် ဆီပြတ်လပ်မှုကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအပေါ် ရိုက်ခတ်မှုကြီးမားလာမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက သုံးသပ်ထားသည်။








