27 C
Yangon

မင်းအောင်လှိုင်၏လူယုံ ထွန်းမင်းလတ် ထိုင်းနိုင်ငံတွင် ဖမ်းဆီးတရားစွဲဆိုခံရမှုမှ လွတ်မြောက်လာပြီးနောက် စစ်တပ်အတွက် Let410 လေယာဉ်များ ဝယ်ယူတင်သွင်းခွင့်ရရှိ

Must read

ရန်ကုန်၊ မတ်လ ၂၉

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုနှင့် အလွန်နီးစပ်သူဖြစ်သည့် ခရိုနီစီးပွားရေးသမား ထွန်းမင်းလတ်သည် စစ်တပ်အတွက် Let410 လေယာဉ်များ ဝယ်ယူတင်သွင်းခွင့် ရရှိထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။

ထွန်းမင်းလတ်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု သံသယများဖြင့် ဖမ်းဆီးခံခဲ့ရသော်လည်း သက်သေအထောက် အထား မလုံလောက်ဟုဆိုကာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ထိုင်းတရားရုံးက တရားသေ ပြန်လွှတ်ပေးခဲ့သည်။

အမှုမှ ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်ခေါင်း ဆောင်၏ သားနှင့်သမီးဖြစ်သူတို့က နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

လက်ရှိတွင် ထွန်းမင်းလတ်သည် ချက် (Czech) ကုမ္ပဏီတစ်ခုမှတစ်ဆင့် စစ်တပ်အတွက် Let410 လေယာဉ်များ တင်သွင်းခွင့်ရရှိထားပြီး ယခုအချိန်အထိ လေယာဉ် ၅ စီးခန့် တင်သွင်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း Myanmar Witness အဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ချက်ကုမ္ပဏီ Aircraft Industries က ထုတ်လုပ်သော Let L410-UVP E20 Turbolet အမျိုးအစား လေယာဉ် ၃ စီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး လေတပ်အတွင်း ထည့်သွင်းအသုံးပြုနေကြောင်း၊ နောက်ထပ် လေယာဉ် ၂ စီး ထပ်မံရောက်ရှိလာသည့် သက်သေအထောက် အထားအသစ်များကို ထပ်မံအတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေယာဉ်များအနက် နောက်ဆုံး ၁ စီးမှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြန်မာ နိုင်ငံသို့ ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ချက်အစိုးရကမူ အဆိုပါလေယာဉ်များကို မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ထံသို့ အရပ်ဘက်သုံးရန်အတွက်သာ ရောင်းချပေးပို့ခြင်းဖြစ်ကြောင်း Myanmar Witness အဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါ ချက်ကုမ္ပဏီက ထုတ်လုပ်သော Let L-410 UVP-E20 လေယာဉ်များသည် ၂၀၂၂ မှ ၂၀၂၃ ထုတ်ဆိုပါက အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်းမှ ၆ ဒသမ ၉၅ သန်းအထိ ခရီးသည် ၁၉ ဦးအထိ တင်ဆောင်နိုင်ကြောင်း၊ GE H80-200 အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး တိုတောင်းသော ပြေးလမ်းများတွင် တက်နိုင်၊ ဆင်းနိုင်သည့် စွမ်းဆောင်ရည် ရှိကြောင်း၊ ပုံမှန်အားဖြင့် လေယာဉ်ပျံတက်ရန် ပြေးလမ်းအရှည် ၅၁၀ မီတာခန့်သာ လိုအပ်ကြောင်း သိရှိရသည်။

လေယာဉ်များ ဝယ်ယူတင်သွင်းနေသော ထွန်းမင်းလတ်သည် စစ်ခေါင်းဆောင်၏ သား သမီးများနှင့်အတူ Star Sapphire Group ကို တည်ထောင်ကာ စစ်လက်နက်ဝယ်ယူရေးအတွက် ကြားခံပွဲစားအဖြစ် အဓိကဆောင်ရွက်ပေးခဲ့သူလည်းဖြစ်သည်။

၂၀၂၂ ခုနှစ် ထိုင်းရဲတပ်ဖွဲ့သည် ထွန်းမင်းလတ်၏ ကွန်ဒိုကို ဝင်ရောက်စီးနင်းစဉ်က စစ်ခေါင်းဆောင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် ဘန်ကောက်ကွန်ဒို စာရွက်စာတမ်းများနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ထိုင်းဘဏ်စာအုပ်များကို လက်ပူးလက်ကြပ် တွေ့ရှိခဲ့ရသည်။

ထွန်းမင်းလတ်သည် ယခင်စစ်အစိုးရလက်ထက် ဟိုတယ်/ခရီးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်ဟောင်း ဒုဗိုလ်မှူးကြီး(လေ) ခင်မောင်လတ်၏ သားဖြစ်သည်။ ၎င်း၏ မိသားစုသည် တာချီလိတ်ရှိ Allure Resort ကာစီနိုလုပ်ငန်းအပါအဝင် စွမ်းအင်၊ သတ္တုနှင့် ဟိုတယ်လုပ်ငန်းများစွာကို စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသူများ ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article