27 C
Yangon

ကလေး – ကဘော် – ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းကြရန် CDF-KKG တိုက်တွန်းထုတ်ပြန်

Must read

မတ်လ ၂၉ ရက်

စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းနိုင်ရေးအတွက် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသအတွင်းရှိ အရွယ်ရောက်ပြီးသူ ပြည်သူအားလုံး စစ်မှုထမ်းတာဝန်များတွင် ပူးပေါင်းပါဝင်ကြရန် Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) က ယနေ့ မတ်လ ၂၉ ရက်နေ့တွင် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်လိုက်သည်။

နွေဦးတော်လှန်ရေး ၅ နှစ်တာကာလအတွင်း CDF-KKG မှ ရဲဘော်ရဲမေ ၉၂ ဦးသည် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ဖြစ်သလို၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသူများ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုသို့ တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာပေးလှူခဲ့ကြသော အာဇာနည်အပေါင်းကို အစဉ်အောက်မေ့လျက် ဂုဏ်ပြုဦးညွတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

CDF-KKG အနေဖြင့် တော်လှန်ရေးအင်အားစုများအကြား ပေါင်းစည်းညီညွတ်ရေးကို အစဉ်လိုလားပြီး၊ အချင်းချင်းကြား သဘောထားကွဲလွဲမှုနှင့် သွေးထွက်သံယိုဖြစ်မှုများကို လုံးဝမလိုလားကြောင်း၊ ဘုံရန်သူကို အောင်နိုင်ရေးအတွက် အင်အားစုအားလုံး စည်းလုံးညီညွတ်စွာ ကြိုးပမ်းကြရန် တိုက်တွန်းထားသည်။ ထို့ပြင် နွေဦးတော်လှန်ရေး ကနဦးကာလမှစ၍ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲဆောင်ရွက်ခဲ့ပြီး နောင်တွင်လည်း ဘုံရည်မှန်းချက်တူသည့် မည်သည့်အင်အားစုနှင့်မဆို ချိတ်ဆက်လက်တွဲရန် အမြဲအဆင်သင့်ရှိနေကြောင်း ဆိုသည်။

ဆက်လက်၍ CDF-KKG ၏ ဒုတိယအကြိမ် အထွေထွေညီလာခံကို ၎င်းတို့ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ကြောင်း၊ အဆိုပါညီလာခံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ဒုတိယအကြိမ် ညီလာခံသက်တမ်းအတွက် ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခြင်း၊ မဟာဗျူဟာမြောက် မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိကာလတွင် စစ်အုပ်စုသည် အတုယောင်ရွေးကောက်ပွဲမှတစ်ဆင့် အမည်ခံအစိုးရတစ်ရပ် ဖွဲ့စည်းကာ နိုင်ငံတကာနှင့် ပြည်တွင်းမျက်နှာစာတွင် တရားဝင်မှုရရှိရန် မသမာသော နည်းလမ်းပေါင်းစုံဖြင့် အပတ်တကုတ် ကြိုးပမ်းနေခြင်းကိုလည်း ထောက်ပြထားသည်။ စစ်အုပ်စု၏ လုပ်ဆောင်မှုမှန်သမျှသည် တရားဝင်မှုမရှိသည့်အပြင် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ၎င်းတို့အာဏာတည်မြဲရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်မှုမှန်သမျှကို CDF-KKG မှ အစဉ်တစိုက် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article