27 C
Yangon

တောင်သာတွင် ရိက္ခာယာဉ်တန်းအတွက် ကင်းထွက်လာသည့် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

Must read

ရန်ကုန်၊ မတ် ၂၉

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ မြင်းခြံ-ညောင်ဦး လမ်းပိုင်းတွင် ရိက္ခာယာဉ်တန်းကို ကင်းယူပေးရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားများကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း Brethren Guerrilla Force အဖွဲ့ထံမှ သိရသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းခြံမြို့ဘက်မှ ထွက်ခွာလာသော အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြိုတင်ပြင်ဆင်ထားသော မိုင်းကွင်းဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကား ၃ စီးအနက် ရှေ့ဆုံးမှ မောင်းနှင်လာသည့် Double Cab တစ်စီးနှင့် Hi-jet တစ်စီးတို့မှာ မိုင်းကွင်းအတွင်း တည့်တည့်ဝင်ရောက်လာခဲ့ပြီးနောက် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၉ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

မိုင်းထိမှန်ခဲ့သည့် ကား ၂ စီးမှာလည်း အကြီးအကျယ် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြသည်။

Brethren Guerrilla Force အဖွဲ့မှ တာဝန်ခံ ကိုဇနက က “ကား ၃ စီးက မြင်းခြံကနေ လုံခြုံရေးယူပေးဖို့ ထွက်လာတာပါ။ ကျွန်တော်တို့ အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲကို Double Cab တစ်စီးနဲ့ Hi-jet တစ်စီး ဒဲ့ဝင်လာတာ။ နောက်ဆုံးက ဆယ်ပေတိုကားကတော့ ဖြည်းဖြည်းမောင်းလာလို့ မထိလိုက်ဘူး။ မိုင်းအကြီး ၂ လုံးနဲ့ ရှေ့ထွက် ၄ ပြောင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ခံရပြီးတာနဲ့ သူတို့ဘက်က ရမ်းသမ်းပစ်တော့တာပဲ။ စစ်ကား ၂ စီးကတော့ စုတ်ပြတ်သွားတယ်လို့ ကြားရတယ်။”ဟု ပြောဆိုသည်။

ယခုတိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ညီနောင်ပျောက်ကြားတပ်ဖွဲ့ – Brethren Guerrilla Force) နှင့် ညောင်ဦးခရိုင် အမှတ် (၅) တပ်ရင်းတို့က ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တောင်သာမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ဆေးဝါးနှင့် ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိပြီး အလှူရှင်များအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article