ရန်ကုန်၊ မတ် ၂၉
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ် ကူညီကယ်ဆယ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်၊ စုံစင်ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ၁၂၀ မမ ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း စုံစင်ရွာအတွင်းကို ဗုံးများ ကျရောက် ပေါက်ကွဲ၍ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် စုံစင်ရွာမှ ပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆိုင်ကယ် ၁ စီးလည်း မီးလောင် ပျက်စီးခဲ့ပြီး နေအိမ်များလည်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“သရက်ချောင်းနယ်ထဲမှာ စစ်ခွေးတွေက ဗုံးကျဲနေတာ နေ့တိုင်းနီးပါးကို ကျဲနေတာပါ။ ပြည်သူတွေ အကုန်လုံးလည်း အခုထိကို ရှောင်နေရတုန်းပဲ မြေပြင် တိုက်ပွဲတွေကလည်းရှိတော့ ပြည်သူတွေ နေရပ်မပြန်နိုင်သေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာများလေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဂုံညင်းဆိပ်ကျေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာ ၁၅ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည်လည်း လက်ရှိချိန်ထိ တိမ်းရှောင်နေရကာ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သော ပြည်သူများအတွက် ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်လည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောင်မြို့နယ် TGR သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယနေ့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြောင်မြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုခိုက်မှုအတွင်း ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။







