36 C
Yangon

မြန်မာနိုင်ငံထုတ် ယူကရိန်းနည်းပညာသုံး BTR-4 သံချပ်ကာစစ်ကားများကို ၈၁ နှစ် မြောက် စစ်တပ်နှစ်ပတ်လည်နေ့တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ

Must read

ရန်ကုန်၊ မတ် ၃၀

မြန်မာနိုင်ငံထုတ် ယူကရိန်းနည်းပညာသုံး BTR-4 သံချပ်ကာစစ်ကားများကို ၈၁ နှစ် မြောက် စစ်တပ်နှစ်ပတ်လည်နေ့တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည်။

မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၈၁ ကြိမ်မြောက်​ေစစ်ရေးပြအခမ်းအနားတွင် ယူကရိန်းနိုင်ငံ၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံအတွင်း၌ပင် အချောသတ်ထုတ်လုပ်ထားသော BTR-4 သံကာလူတင်ယာဉ်များကို ပထမဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အဆိုပါ သံကာယာဉ်များ ထုတ်လုပ်ခွင့်လိုင်စင်ကို ယူကရိန်းနိုင်ငံထံမှ ၂၀၁၈ ခုနှစ်မတိုင်မီကာလကတည်းက ရယူထားခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မှ လူထုရှေ့မှောက်သို့ ပထမဆုံး ရောက်ရှိလာခြင်း ဖြစ်ပါသည်။

စစ်ရေးပြအခမ်းအနားတွင် တွေ့ရှိရသည့် ဗီဒီယိုမှတ်တမ်းများအရ အဆိုပါ BTR-4 သံကာယာဉ်များတွင် စက်သေနတ်နှင့် ဗုံးပစ်လောင်ချာများ တပ်ဆင်ထားသည့် ပစ်ခတ်မှုစနစ်များ ပါဝင်သည်ကို တွေ့ရသည်။

ထို့အပြင် 2S1 Gvozdika အမြောက်တင်ယာဉ်၏ ကိုယ်ထည်ပေါ်တွင် တရုတ်နိုင်ငံထုတ် WMA301 ဘီးတပ်တင့်ကား၏ ၁၀၅ မမ အမြောက်စနစ်ကို တပ်ဆင်ထားသည့် ပေါ့ပါးတင့်ကားအသစ်များကိုလည်း ထည့်သွင်းပြသခဲ့ပါသည်။

အဆိုပါ စစ်လက်နက်ပစ္စည်းများသည် မြန်မာစစ်တပ်အနေဖြင့် ပြည်တွင်း၌ပင် သံကာယာဉ်နှင့် တင့်ကားအမျိုးမျိုးကို ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်း ရှိလာသည်ကို ပြသနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကာလအထိ စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်းတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်တွင် ယူကရိန်းနိုင်ငံပိုင် Ukrspecexport ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း သံကာယာဉ်ပြုပြင်ရေးစက်ရုံ တည်ဆောက်ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး အပိုပစ္စည်းထုတ်လုပ်ခြင်းမှအစ အကြီးစားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအထိ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ယခု စစ်ရေးပြတွင် တွေ့မြင်ရသည့် ယာဉ်များသည် ယူကရိန်းနှင့် ဆက်ဆံရေးမရပ်စဲမီက ရရှိထားသည့် အစိတ်အပိုင်းများဖြင့် တပ်ဆင်ထားခြင်းလော သို့မဟုတ် အခြားနည်းပညာသစ်များဖြင့် အစားထိုးထုတ်လုပ်ထားခြင်းလော ဆိုသည်ကိုမူ အတိအကျ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article