36 C
Yangon

အရာတော်မြို့နယ်တွင် စစ်တပ်က ကမ်းပြူရွာသား ၁ ဦး ကိုပစ်သတ်၊ ကျောက်ပန်းတောင်းတွင်လည်း စစ်တပ် စစ်ကြောင်းက ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး စိတ္ထိန်းကျေးရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကမ်းပြူရွာသား ၁ ဦး ကိုပစ်သတ်ခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် အရာတော်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ်းပြူရွာနှင့် မနောယမရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ထွက်ပြေး တိမ်းရှောင်သည့် ပြည်သူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် ကမ်းပြူရွာမှ ပြည်သူ အမျိုးသား ၁ ဦး ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ အရာတော်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက ကမ်းပြူရွာနဲ့ မနောယမရွာ တဝိုက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ထွက်ပြေးတိမ်းရှောင်တဲ့ ပြည်သူတွေကို သေနတ်နဲ့ လိုက်လံ ပစ်ခတ်လို့ ကမ်းပြူရွာသား အမျိုးသား ၁ ဦး သေဆုံးတယ်လို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အရာတော်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် ပြည်သူများ လုံခြုံရေး ဂရုစိုက်ကြရန်နှင့် စစ်ဘေးရှောင် ပြည်သူများကို နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုထားသည်။

ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၆ ဦးကို ဖမ်းဆီးကာ စိတ္ထိန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ်၊ စိတ္ထိန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူ ၆ ဦးကိုလည်း လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် လက်ရှိချိန်ထိ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းကြောင့် စိတ္ထိန်းရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

“မနေ့က မီးရှို့တာ စစ်ခွေးတွေက စိတ္ထိန်းရွာထဲက နေအိမ်တွေကို ရှို့သွားတာ ပြည်သူတွေလည်း အကုန်ရှောင်နေရတယ်။ ပြည်သူ ၆ ဦးတော့ ဖမ်းဆီးခံရတယ်လို့ သိထားရတယ်။ ရွာထဲမီးဝင်ငြိမ်းလို့ ဖမ်းခံရတာလား။ ထွက်မပြေးလို့ ဖမ်းခံရတာလားတော့ သေချာမသိသေးဘူး။ စစ်ခွေး စစ်ကြောင်းကလည်းရှိနေသေးတော့ ပြည်သူတွေ ဆက်လက် တိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၁၈ ရက်နေ့ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် သေနတ်များ၊ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေသည့် အသက် ၄၀ နှစ်အရွယ် ဒေါ်စန်းခိုင်၊ ကိုမိုက်ခဲ၊ ကိုညီအောင် ၊ ကိုဇော်မျိုးအောင် နှင့် ကိုသူရလွင် တို့ကို အကြမ်းဖက် စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး လမ်းပိုင်းတနေရာတွင် နှိပ်စက် သတ်ဖြတ်ကာ ရွာပြင်တွင် ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ဒေသပြည်သူများက မတ်လ ၂၄ ရက်နေ့တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျောက်ပန်းတောင်းမြို့နယ်တွင် မတ်လ ၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကမ်းဖြူရွာကို ဝင်ရောက်စီးနင်းပြီး အဖွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စိုင်ဂေါင်းရွာမှ ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ခါးပက်ရွာအနီးတွင် အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article