ရန်ကုန်၊ မတ် ၃၀
စစ်ကိုင်းတိုင်း၊ တန့်ဆည်ထောင်တွင် ဆေးကုသခွင့်ပိတ်ပင်ခံရသဖြင့် နိုင်ငံရေးအကျဉ်းသူ မသက်သက်မာ ကွယ်လွန်သွားကြောင်းPolitical Prisoners Network-Myanmar မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်အချုပ်ထောင်တွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မသက်သက်မာ အသက် အသက် ၅၄ နှစ် အချုပ်ခန်းအတွင်း၌ပင် ဆေးဝါးကုသခွင့် မရရှိဘဲ ကျဆုံးသွားခဲ့ကြောင်း၊ မသက်သက်မာသည် ရွှေဘိုခရိုင် ထောက်ပိုတာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူ၏ ဇနီးဖြစ်ပြီး ၎င်းအား ရှာဖွေရာတွင် မမိသဖြင့် သားဖြစ်သူနှင့်အတူ ဓားစာခံအဖြစ် မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ဖြစ်ကြောင်း သိရှိရသည်။
သူမကို နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) မှ ပုဒ်မ ၅၀၅(က)၊ ၅၀(ည) နှင့် ၅၂(က) တိုဖြင့် မတရားစွဲချက်တင်ကာ ထောင်ဒဏ် ၂၀ နှစ် အမိန့်ချမှတ်ခဲ့ပြီး တန့်ဆည်အချုပ် ထောင်တွင် (၃) နှစ်ကျော်ကြာ ပိတ်လှောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မသက်သက်မာသည် သွေးလေးဘက်နာရောဂါ ပြင်းထန်စွာ ခံစားနေရသော်လည်း အချုပ် ထောင်အာဏာပိုင်များက ပြင်ပဆေးရုံတင် ကုသခွင့်ကို လုံးဝငြင်းဆန်ခဲ့ကြောင်း၊ အကျဉ်းဦးစီးဝန်ထမ်းများအနေဖြင့် တန့်ဆည်အချုပ်မှ ရွှေဘိုထောင်သို အကျဉ်းသားများကို ပြောင်း ရွှေ့ရန် လမ်းခရီးတွင် ကြားဖြတ်တိုက်ခိုက်/လုယက်ခံရမည်ကို စိုးရိမ်သဖြင့် ထောင် ပြောင်းရွှေ့ခြင်း မပြုဝံ့ဘဲ တန့်ဆည်အချုပ်တွင်သာ ဆက်တိုက် ပိတ်လှောင်ထားခဲ့ခြင်းကြောင့် ယခုကဲ့သို အသက်ဆုံးရှုးခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“သူ့ရဲ့အမျိုးသားကို လာဖမ်းတဲ့အခါမှာ မတွေ့တာနဲ့ ဇနီးနဲ့သားဖြစ်သူကို ဖမ်းဆီးသွားတာဖြစ်ပါ တယ်။ ထောင်ဒဏ်အမိန့်ချမှတ်ပြီးတဲ့နောက်မှာလည်း ထောင်ကို ပို့ဆောင်ခဲ့တာမျိုးမလုပ်ပဲနဲ့ တန့် ဆည် အချုပ်မှာပဲ ထားရှိခဲ့တာဖြစ်တယ်။ အခုလို မသက်သက်မာကျဆုံးတဲ့အပေါ်မှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေအနေနဲ့လည်း အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ တကယ် ဆိုရင် သူက သွေးလေးဘက်နာကို ပြင်ပမှာကတည်းက ကုသနေရတာပါ။ ဖမ်းခံရပြီးတဲ့ နောက် မှာလည်း သွေးလေးဘက်နာကို အချုပ် ထောင်ရဲ့ ပြင်ပကို ဆေးကုသထွက်ခွင့်မပေးတဲ့အတွက်ကျဆုံးရတာပါ။ သက်ဆိုင်ရာ ဆေးရုံကို ပို့ပြီးတော့ ကုသမယ်ဆိုရင် အခုလိုကျဆုံးရမှာမဟုတ်ပါဘူး။ ပြင်ပဆေးရုံကို ပို့ဆောင်ကုသခွင့်မပေးလို့ အချုပ်ထောင်ထဲမှာပဲ သေဆုံး သွားရတာမျိုးဖြစ်ပါတယ်။ တကယ်ဆိုရင် ဖမ်းဆီးတယ်၊ အမိန့်ချတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေမှာဆိုရင် သက်ဆိုင်ရာ တာဝန်ရှသူတွေက ဆေး ဝါး ကုသခွင့်နဲ့ပတ်သက်ပြီးတော့လည်း တာဝန်ယူရမှာဖြစ်ပါတယ်။” ဟု Political Prisoners Network-Myanmar ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
စစ်တပ်က လုံခြုံရေးအတွက် အကျဉ်းသားတစ်ဦး၏ အသက်ရှင်သန်ခွင့်ကို လျစ်လျူရှုခဲ့ခြင်းမှာ ခွင့်မလွှတ်နိုင်သော လုပ်ရပ်ဖြစ် ကြောင်း၊ မတ်လ ၂၇ ရက် နံနက်အစောပိုင်းတွင် အချုပ်ခန်းအတွင်း၌ပင် မသက်သက်မာ ဆုံးပါးသွားခဲ့သော်လည်း မိသားစုထံသို နံနက် ၉ နာရီမှသာ အကြောင်းကြားခဲ့ကြောင်း၊ ထိုအပြင် ၎င်း၏ ရုပ်အလောင်းအား မိသားစုထံ ပြန်လည်ပေးအပ်ခြင်း မရှိခြင်းမှာ အကျဉ်းသားအခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို အဆုံး စွန်ထိ စော်ကားခြင်းပင် ဖြစ်ကြောင်း PPNM က ဆိုသည်။
PPNM အနေဖြင့် ယခုကဲ့သို အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုများ၊ ဆေးကုသခွင့် ပိတ်ပင်မှုများနှင့် ဓားစာခံအဖြစ် ဖမ်းဆီးမှုများကို ပြင်းထန်စွာ ရှုတ်ချပြီး၊ တရားမျှတမှု ရရှိစေရန်နှင့် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ၏ အသက်ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတကာက အလေးထား စောင့်ကြည့်ပေးရန် တောင်းဆိုထားသည်။




