ရန်ကုန်၊ မတ် ၃၀
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ငယ်များအပါအဝင် အရပ်သား ၇ ဦး သေဆုံးမှုမှာ စစ်တပ်၏ စစ်ရာဇဝတ်မှုကျူးလွန်မှုအဖြစ် AA က ယနေ့ ကြေညာလိုက်သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ လူနေကျေးရွာတစ်ရွာဖြစ်သော ကြောင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၇ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ ၂ စီးအသုံးပြု၍ ကြောင်ချောင်းကျေးရွာကို ဗုံးကျဲတိုက်ခိုက်မှု ၃ ကြိမ်နှင့် ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါကျေးရွာအနီးတွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြုသည်။
စစ်တပ်၏ လူမဆန်သော လေကြောင်းတိုက်ခိုက်မှုကြောင့် ကြောင်ချောင်းကျေးရွာမှ အသက် ၁၆ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် အပြစ်မဲ့အရပ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် နောက်ထပ်ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များစွာလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်တပ်က စစ်မြေပြင်တွင် အရေးနိမ့်မှုများနှင့် ရင်ဆိုင်နေရချိန်တိုင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ရွာများကို ပစ်မှတ်ထား၍ လေကြောင်းမှ အလစ်ချောင်း ဗုံးကျဲတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ရှိကြောင်း AA က ကြေညာသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် ကြောင်ချောင်းရွာသူ၊ ရွာသားများအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် သေဆုံးသူများ၏ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း AA က ကြေညာသည်။







