27 C
Yangon

ကော့ကရိတ်ရှိ သာယာကုန်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး၊ ဒေါနတောင်ဘက်ကိုလည်း စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးရန် ပြင်ဆင်နေ

Must read

ရန်ကုန်၊ မတ် ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်း သာယာကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း သာယာကုန်းရွာထဲကို ဒရုန်းဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်းရှိ တမိုင်ကုန်းရွာနှင့် မောင်းမရွာသစ်ဘက်မှ နေအိမ်များကိုလည်း ဝင်ရောက်ဖျက်ဆီးလျက်ရှိကြောင်း၊ မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်တပ်က ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လိုက်လံ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကော့ကရိတ် တောင်ပိုင်းကတော့ တိုက်ပွဲဖြစ်တာမရှိပါဘူး။ စစ်ခွေးတွေကပဲ ရွာတွေကို ဒရုန်းနဲ့ ဗုံးကျဲလိုက် ဝင်ရောက် ဖျက်ဆီးလိုက် လုပ်နေတာ ပြည်သူတွေရွာထဲမှာမရှိတော့ ထိခိုက်တာတွေတော့ မရှိပါဘူး။ နေအိမ်တွေပဲ ပျက်စီးတာတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ကော့ရိတ်မြို့နယ်မြောက်ပိုင်းတွင် မတ်လ ၁ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ဒေါနတောင်ဘက်ရှိ အောက်ဘိုတဲအနီးကို လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်၍ စစ်ကြောင်းထိုးလာခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့သော်လည်း စစ်တပ်က ထိခိုက်သေဆုံးမှု များပြား၍ စစ်ကြောင်းများ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်းသို့ စစ်ကြောင်းများ ပြန်လည် ဆုတ်ခွာသွားသော်လည်း အကြမ်းဖက် စစ်တပ်က နောက်တစ်ကြိမ် ထပ်မံ စစ်ကြောင်းထိုးရန်အတွက် အင်အား အများအပြား ပြန်လည်စုဖွဲ့နေပြီး ဧပြီလပိုင်းတွင် စစ်ကြောင်း ပြန်လည်ထိုးလာနိုင်ကြောင်း ဒေသသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

“ကော့ကရိတ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ မရှိပေးမယ့် စစ်တပ် ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေတော့ ရှိနေသေးတယ်။ စစ်ခွေးစစ်ကြောင်းတွေကတော့ ပြန်ဆုတ်ထားတယ်။ သူတို့ အင်အားထပ်ပြီး စုဖွဲ့နေတာတော့ရှိတယ်။ မတ်လအကုန် ဧပြီလပိုင်းမှာ တဖန်စစ်ကြောင်းပြန်ထိုးလာနိုင်တယ်လို့တော့ ထင်တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလပိုင်းမှစ၍ မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းနှင့် ကော့က ရိတ်မြောက်ပိုင်းရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရေးအတွက် DKBA ဗိုလ်ဘိအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အကြိမ်ကြိမ် တပ်ပျက်နေသော်လည်း စစ်မှုထမ်း တပ်သားသစ် အများအပြားကို အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article