27 C
Yangon

အရာတော်တွင် စစ်တပ်က ကျေးရွာနှင့် ဆေးခန်းများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ဆေးခန်းအဆောက်အဦးများ ပျက်စီး

Must read

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အုပ်ရှစ်ကုန်ရွာ ဆေးခန်းနှင့် မင်းရွာအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ဆေးခန်း အဆောင်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးတို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရာတော်မြို့နယ်၊ မြောက်ဘက်ပိုင်းရှိ အုပ်ရှစ်ကုန်းကျေးရွာ ဆေးခန်းကို ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အုပ်ရှစ်ကုန်းကျေးရွာ ဆေးခန်းအဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်၍ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း သိရသည်။

“ဒီနေ့ ညနေ ၄ နာရီလောက်က တံတားဦးကလေတပ်က တက်လာတဲ့ ၁ စီးနဲ့ ၄ ကြိမ်၊ မီတ္တီလာရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ ၂ ကြိမ် အရာတော်မြို့နယ်၊ အုပ်ရှစ်ကုန်းရွာ ဆေးခန်းကို ဗုံးကျဲတိုက်ခိုက်သွားတာပါ။ ပြည်သူ ၁ ဦးနဲ့သေဆုံးပြီး ၃ ဦးဒဏ်ရာရှိတယ်လို့ သိရတယ်။ အမျိုးသားလား အမျိုးသမီးလား မသိရသေးဘူး။ ပြည်သူထပ်တိုး သေဆုံးတာလည်း ရှိနိုင်တယ်။ ဆေးခန်းအဆောက်အအုံတွေလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၅ မိနစ်ခန့်တွင်လည်း မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော FTC-2000G ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရာတော်မြို့နယ်၊ မင်းရွာအနီးတဝိုက်ရှိ တောတိုက်များကို ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ တဲ ၃ လုံး မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

“တောင်ပိုင်းက ဖြစ်စဉ်ကတော့ အရင်တစ်ခါ မင်းရွာကိုပဲ စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်သွားတာပါ။ ဒီနေ့ နေ့လည် ၁၂ နာရီ ၅ မိနစ်လောက်က မင်းရွာအနီးနားက တောထဲကို လေကြောင်းတိုက်ခိုက်သွားတာ ပြည်သူတွေထိခိုက်မှုတော့ မရှိဘူး။ စစ်ခွေးတွေ ဗုံးကျဲသွားလို့ မင်းရွာအနီးနားတစ်ဝိုက်ရှိ တောထဲရှိ ခန့်မှန်းခြေ တဲ ၃ လုံးတော့ မီးလောင်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့တူ ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း အရာတော်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ်းပြူရွာနှင့် မနောယမရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ထွက်ပြေး တိမ်းရှောင်သည့် ပြည်သူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် ကမ်းပြူရွာမှ ပြည်သူ အမျိုးသား ၁ ဦး ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာ တစ်ခုကို အကြမ်းဖက် စစ်တပ်က ညအချိန် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article