27 C
Yangon

တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်၍ အမြန်ဆုံးအောင်ပွဲ ရယူနိုင်ရန်နှင့် အသွင်ကူးပြောင်းရေး အစိုးရ တရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရေး SCEF ကို ဖွဲ့စည်း

Must read

ရန်ကုန်၊ မတ် ၃၀

တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်၍ အမြန်ဆုံးအောင်ပွဲ ရယူနိုင်ရန်နှင့် လက်ရှိ တော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းရေး အစိုးရ တရပ်အောင်မြင်စွာ ဖွဲ့စည်းနိုင်ရန် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း NUG အစိုးရ ထုတ်ပြန်လိုက်သည်။

အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီတွင် KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်ကြောင်း သိရသည်။

“တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်၍ အမြန်ဆုံးအောင်ပွဲ ရယူနိုင်ရန်၊ လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်း ဦးဆောင်လမ်းညွှန် အကောင်အထည်ဖော်ဆောင်နိုင်ရန် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF) ကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် ၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နှင့် အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်တို့ကို အခြေခံပြီး တရားဝင်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း ပြည်သူလူထုတရပ်လုံးကို လေးနက်တည်ကြည်စွာ အသိပေးကြေညာအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မျှော်မှန်းချက်နှင့် မဟာဗျူဟာရည်မှန်းချက်များသည် စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ် ဖယ်ရှားပစ်ရန်ဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်များ၊ ရပ်တည်ချက်များကို လက်တွေ့ကျကျ၊ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်မည့် နိုင်ငံရေး အခင်းအကျင်း အသစ်တစ်ခုကို စုစည်းညီညွတ်စွာ စတင် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော စုံလင် ကွဲပြားသည့် လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးပြီး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ခိုင်မာကောင်းမွန်စွာ တည်ဆောက်သွားရန် ဖြစ်ကြောင်း၊ ဤရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်နိုင်စေရန် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ စစ်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှု၊ ညီညွတ်မှုနှင့် တာဝန်ယူ၊တာဝန်ခံမှုရှိသော ခေါင်းဆောင်မှုတို့ဖြင့် ဦးဆောင်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် (၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန် ၊ (၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန် ၊ (၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်၊ (၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊ (၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန် နှင့် (၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် စသည့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ခိုင်မာစွာ ချမှတ်ထားကြောင်း သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)” မူကို ကိုင်စွဲမည်ဖြစ်ကြောင်း၊ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ် များ၏ သဘောထားအမြင်များထင်ဟပ်ပါဝင်သည့် “စုပေါင်းခေါင်းဆောင်မှု (Collective Leadership)” ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကောင်စီဝင်အဖွဲ့အစည်းများအနေဖြင့် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကိုအခြေခံ၍ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း – one policy, one strategy” မူဝါဒကို ချမှတ်ကျင့်သုံး၍ စစ်ရေး၊ နိုင်ငံရေး နှင့် အုပ်ချုပ်ရေး ကဏ္ဍများကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ပြီး ပိုမိုကျယ်ပြန်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများ နှင့်ဆက်လက်ပူးပေါင်းညှိနှိုင်း၍ ကျွန်ုပ်တို့၏ ရည်မှန်ချက်ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article