26 C
Yangon

စက်သုံးဆီတင်သင်္ဘောများ အဝင်နည်းပါးလာ၍ ဆီခွဲတမ်းများကို စတင်လျှော့ချနေပြီး ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်မြို့ကြီးများကိုသာ ဦးစားပေးစနစ်ဖြင့် စက်သုံးဆီများ ချထားပေး

Must read

ရန်ကုန်၊ မတ် ၃၁

မြန်မာနိုင်ငံအတွင်းသို့ စက်သုံးဆီသင်္ဘောများ အဝင်နည်းပါးလာ၍ ဆီခွဲတမ်းများကို စတင်လျှော့ချနေပြီး ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်မြို့ကြီးများကိုသာ ဦးစားပေးချတော့ကြောင်း စက်သုံးဆီ ဖြန့်ဖြူးရေးအသင်းမှ အဖွဲ့ဝင် ဆီလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ခဲ့သော အရှေ့အလယ်ပိုင်းပဋိပက္ခ ၁ လကျော်ကြာမြင့်လာချိန် မြန်မာနိုင်ငံပြည်တွင်းသို့ လာရန်ရှိနေသည့် စက်သုံးဆီသင်္ဘောများမှာ အီရန်ဟော်မုခ်ရေလက်ကြားတွင် ဖြတ်သန်းခွင့်မရသေးဘဲ ပိတ်မိနေကြောင်း သိရှိရသည်။

“ဆီတင်သင်္ဘောတွေ ပိတ်မိနေတယ်ဆိုတာက ကျနော်တို့က တိုက်ရိုက်မှာတာမျိုးမဟုတ်ဘူး။ ကျနော်တို့က စင်ကာပူနဲ့ ဗီယက်နမ်က ပြန်မှာတာ။ စင်ကာပူနဲ့ ဗီယက်နမ်ကုမ္ပဏီတွေကနေ မြန်မာပြည်ကို ပြန်ရောင်းပေးမယ့် ဆီသင်္ဘောတွေက ရေ လက်ကြားမှာ ပိတ်မိနေတာ။ နောက်တစ်ခုက သူတို့နိုင်ငံတွေမှာလည်း ဆီအကျပ်အတည်းဖြစ်နေတော့ အရင် ဝယ်ထားတဲ့ စာချုပ်တွေပြီးရင် ထပ်ပြီး မှာဝယ်ယူဖို့က​ အတော်ကို ခက်နေပြီ” ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က စက်သုံးဆီများကို ရုရှားနိုင်ငံမှ ဝယ်ယူခွင့်ရရှိရေး ကြိုးပမ်းနေသော်လည်း ယနေ့ အချိန်အထိ ညှိနှိုင်းဆွေးနွေးနေဆဲအဆင့်တွင်သာရှိသည်ဟု ကြားသိထားကြောင်း၊ လက်တွေ့ ရုရှားထံမှ စက်သုံးဆီ ဝယ်ယူတင်သွင်းရေးမှာ အဆင့်များစွာနှင့် လမ်းခရီးကြန့်ကြာသော အခက်အခဲများစွာရှိနေကြောင်း သိရှိရသည်။

စက်သုံးဆီဆိုင်များတွင် ဆီခွဲတမ်းများ ပုံမှန်မရရှိတော့ခြင်းနှင့် ဆီလိုသ လောက် ဝယ်ယူ၍မရသည့် အခက်အခဲများကြောင့် ပြင်ပမှောင်ခိုစျေးကွက် အကြီး အကျယ် ဖြစ်ထွန်းလာပြီး စျေးနှုန်းများမှာလည်း စံချိန်တင် မြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် စက်သုံးဆီမှောင်ခိုစျေးကွက် ကြီးထွားလာနေပြီး ပြင်ပပေါက်စျေးမှာ ဓာတ်ဆီ ၁ လီတာလျှင် ငွေကျပ် ၁၂,၀၀၀ ကျပ်နှင့် ဒီဇယ် ၁ လီတာလျှင် ငွေကျပ် ၁၅,၀၀၀ ကျပ်အထိ ရှိနေသည်။

အဆိုပါ မှောင်ခိုစျေးကွက်သို့ ဆီဆိုင်အချို့ကပင် ဆီများ ပြန်လည်ရောင်းချနေခြင်းဖြစ် ကြောင်း ၊ တစ်ဖက်တွင် ဆီဆိုင်များမှာ ဆီခွဲတမ်းမရရှိတော့သဖြင့် အရောင်းရပ်နားထားရသည်ဟု ထုတ်ပြန်ထားကြသည်။

လက်ရှိ ရန်ကုန်မြို့တွင် 92 Ron တစ်လီတာလျှင် ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ၄,၉၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆,၀၈၅ ကျပ်အထိ ရှိလာပြီး မန္တလေးနှင့် အခြားမြို့ကြီးများတွင်မူ စျေးနှုန်းမှာ ယခုထက် ပိုမိုမြင့်မားလျက်ရှိသည်။

မတ်လ ၂၇ ရက်နေ့မှစတင်ကာ ယာဉ်အမျိုးအစားနှင့် အင်ဂျင်ပါဝါအလိုက် ဆီများကို ကန့်သတ်ရောင်းချမည့် စနစ်သစ်ကို ကျင့်သုံးနေပြီဖြစ်သည်။ အဆိုပါ စနစ်အရ ယာဉ်များ၏ Wheel Tax စတစ်ကာပါ Hologram ကို Scan ဖတ်၍ သတ်မှတ်ပမာဏ (Quota) အတိုင်းသာ ရောင်းချနေသည်။

အိမ်စီးကားများအတွက် တစ်ပတ်လျှင် ဝယ်ယူခွင့်ပမာဏများမှာ အင်ဂျင်ပါဝါ 1.3 CC အထိယာဉ်များမှာ တစ်ပတ်လျှင် ၃၅ လီတာ၊ အင်ဂျင်ပါဝါ 2.0 / 2.4 CC အထိယာဉ်များမှာ တစ်ပတ်လျှင် ၄၀ လီတာ၊ အင်ဂျင်ပါဝါ 3.0 CC နှင့် အထက်ယာဉ်များမှာ တစ်ပတ်လျှင် ၄၅ လီတာ သတ်မှတ်ထားပြီး အဆိုပါ Quota ပမာဏကို တစ်ပတ်လျှင် ၂ ကြိမ်သာ ခွဲဝယ်ခွင့်ရှိမည်ဖြစ်ပြီး သတ်မှတ်အကြိမ်ရေ သို့မဟုတ် လီတာပမာဏ ကျော်လွန်ပါက ထိုအပတ်အတွင်း ထပ်မံဖြည့်တင်းခွင့် မရရှိပေ။

အငှားယာဉ် (Taxi) များအတွက်မူ တစ်ပတ်လျှင် ၉၀ လီတာမှ ၁၁၀ လီတာအထိ ၃ ကြိမ်ခွဲ၍ ဝယ်ယူခွင့်ပေးထားပြီး၊ ဆိုင်ကယ်များမှာ တစ်ပတ်လျှင် ၈ လီတာသာ ရရှိမည်ဖြစ်သည်။

စနစ်သစ် စတင်ခဲ့သော်လည်း ယခင်ကျင့်သုံးခဲ့သည့် ယာဉ်အမှတ်ပြားအဆုံးသတ်ဂဏန်းပေါ်မူတည်၍ ခွဲခြားဝယ်ယူရသည့် စုံ/မ စနစ် ကို လုံးဝပယ်ဖျက်ထားခြင်း မရှိသေးဘဲ ယာဉ်မောင်းများအနေဖြင့် မိမိတို့၏ ဝယ်ယူခွင့်နေ့ရက်တွင်သာ QR Scan ဖတ် ၍ သတ်မှတ်လီတာအတိုင်း တိုးကြိတ်ဝယ်ယူနေရသည်။

ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုနှင့် စျေးနှုန်းကြီးမြင့်မှု ဂယက်သည် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီအကျပ်အတည်းနှင့် ဆက်စပ်နေပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်ကာ အခြေခံလူတန်းစားများ၏ ဝမ်းရေးကို ပိုမိုကျပ်တည်းလာနေကြောငး၊ စျေးနှုန်းမြင့်တက်မှုနှင့်အတူ ကန့်သတ်ချက်များပါ ရှိလာသည့်အတွက် ခွဲတမ်းစနစ်နှင့် ဆီပြတ်လပ်မှုကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအပေါ် ရိုက်ခတ်မှုကြီးမားလာမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက သုံးသပ်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article