ရန်ကုန်၊ မတ် ၃၁
မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၃၀ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့ မီးသတ်စခန်းနှင့် စစ်အုပ်စု အထိုင်ချထားသော အထက ၂ ကျောင်းကြား၌ ကင်းပုန်းဝပ်ထွက်လာသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း သရက်ကွပျူစောထီးရွာမှ ပျူစောထီး ၁ ဦးနှင့် စစ်သား ၁ ဦးသေဆုံးခဲ့ ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုသည် မြို့အနီးထိကပ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများကို ဝေဟင်နှင့် မြေပြင်ကပါ စိုးမိုးထားပြီးဖြစ်၍ ထပ်မံတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်မည်ဖြစ်သောကြောင့် မြိုင် ပကဖ ထံ ဆက်သွယ်၍ အမြန်ဆုံး အလင်း၀င်ရောက်ကြရန် တိုက်တွန်းထားသည်။
အလားတူ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင်လည်း စစ်ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ကားမီးလောင်ပျက်စီးပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားသည်။
မတ်လ ၂၄ ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရ လမ်းပိုင်း တစ်နေရာ၌ အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ်ခဲ့ရာ ကားမှာ မီးလောင်ပျက်စီးပြီး စစ်သား ၄ ဦး သေဆုံးကာ
အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများသည် မကွေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှု့ခံယူနေရကြောင်း သိရသည်။





