ရန်ကုန်၊ မတ် ၃၁
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း မြန်မာနိုင်ငံမှရရှိသည့် သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်ဖလှယ်မှု အဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့မှုကို ချွင်းချက်အနေဖြင့် ဆက်လက်ခွင့်ပြုထားကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် တင်သွင်းကာ ရာ့ချ်ဘူရီ (Ratchaburi) ဓာတ်အားပေးစက်ရုံတွင် အဓိကအသုံးပြုနေရခြင်းဖြစ်သည်။ အဆိုပါစက်ရုံသည် ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသည့် အရေးပါသောနေရာဖြစ်သောကြောင့် မြန်မာနှင့် စွမ်းအင်ဖလှယ်မှု ပျက်ပြားမသွားစေရန် ဆီတင်ပို့မှုကို ဆက်လက်ခွင့်ပြုထားရခြင်းဖြစ်သည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြားမှ ရေနံတင်ပို့မှုများ ထိခိုက်လာနိုင်သည့်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်က ပြည်ပသို့ စက်သုံးဆီတင်ပို့မှု ပိတ်ပင်သည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း မြန်မာနှင့် လာအိုနိုင်ငံတို့ကိုမူ ချွင်းချက်အနေဖြင့် ဆက်လက်ပို့ဆောင်ခွင့်ပြုခဲ့သည်။
အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) အတွင်းရေးမှူးချုပ် Danucha Pichayanan ၏ ရှင်းလင်းချက်အရ ထိုင်းနိုင်ငံအနေဖြင့် လာအိုနိုင်ငံသို့ တစ်ရက်လျှင် စက်သုံးဆီ လီတာ ၄ သန်းကျော် (လာအိုထံမှ ရေအားလျှပ်စစ် ပြန်လည်ရယူရန်အတွက်)၊မြန်မာနိုင်ငံသို့ တစ်ရက်လျှင် စက်သုံးဆီ လီတာ ၃ သိန်းခန့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ကမ္ဘာ့သဘာဝဓာတ်ငွေ့ (LNG) ဈေးနှုန်းမှာ တစ်ယူနစ်လျှင် ၁၀ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ မြင့်တက်နေသည်။
ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် ကုန်ကျစရိတ် သက်သာစေရန်အတွက် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးတို့ကို အချိုးကျရောနှောအသုံးပြုသည့် (Energy Mix) မဟာဗျူဟာအရ အိမ်နီးချင်းနိုင်ငံများကို စက်သုံးဆီ ဆက်လက်ပံ့ပိုးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။




