31 C
Yangon

မင်းအောင်လှိုင် သမ္မတ လုပ်ရန် လုပ်ဆောင်ချက် အပေါ် အာဆီယံလွှတ်တော်အမတ်များက ပြင်းထန်စွာ ရှုတ်ချ

Must read

ရန်ကုန်၊ မတ် ၃၁

အကြမ်းဖက်စစ်ခေါင်​ေးဆာင် မင်းအောင်လှိုင် သမ္မတလုပ်ရန် လုပ်ဆောင်ချက် အပေါ် အာဆီယံလွှတ်တော်အမတ်များက ယနေ့ ပြင်းထန်စွာ ရှုတ်ချလိုက်ကြသည်။

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က မြန်မာစစ်ကောင်စီက မင်းအောင်လှိုင်အား သမ္မတရာထူးရရှိစေရန် စနစ်တကျ စီစဥ်ဖန်တီးထားသည့် လုပ်ဆောင်ချက်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ နုတ်ထွက်ပြီးနောက် စစ်ကောင်စီက ထိန်းချုပ်ထားသည့် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုဖြင့် ဒုတိယသမ္မတအဖြစ် ချက်ချင်းခန့်အပ်ခံရကာ သမ္မတဖြစ်လာရန် လမ်းခင်းခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီသည် အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုများ၊ မတရားဖမ်းဆီးမှုများ၊ အရပ်သားလူနေရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုများကို လုပ်ဆောင်ခဲ့သည်။

မင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းသည် ပြည်သူများကို အကြီးအကျယ် ဒုက္ခရောက်စေပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဖျက်ဆီးနေသည့် အကြမ်းဖက်စနစ်ကို တရားဝင်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု APHR က ဆိုသည်။

မင်းအောင်လှိုင်က လူယုံတော် ရဲဝင်းဦးကို ကာကွယ် ရေးဦးစီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့သည်။ ရဲဝင်းဦးသည် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို နှိပ်စက်ညှဉ်းပန်းခဲ့သည့် စစ်ဆေးရေးစင်တာများကို ဦးစီးခဲ့သူဖြစ်သည်။

ရဲဝင်းဦး ကွပ်ကဲမှုအောက်တွင် စစ်တပ်သည် မင်းအောင်လှိုင်နှင့် တစ်သားတည်း ရှိနေဦးမည်ဖြစ်ရာ၊ ၎င်းသည် သမ္မတရာထူးရော စစ်တပ်ကိုပါ ဆက်လက်ချုပ်ကိုင်ထားပြီး ဖိနှိပ်မှုများနှင့် ပြစ်ဒဏ်ခတ်ခြင်းမခံရဘဲ ရာဇဝတ်မှုကျူးလွန်ခြင်း (Impunity) တို့ကို ဆက်လက်ခိုင်မာစေမည်ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကြဲမှုများနှင့် လူထုနေရပ်စွန့်ခွာ ထွက်ပြေးနေရမှုများကြားတွင် ပြုလုပ်ခဲ့သည့် မကြာသေးမီက ရွေးကောက်ပွဲများနှင့် ၎င်း၏ ရလဒ်များသည် အခြေခံအားဖြင့် တရားမဝင်ကြောင်း၊ ၎င်းသည် မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်ခြင်းမရှိဘဲ စစ်ကောင်စီက အာဏာတည်မြဲစေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမှ ရှောင်လွှဲရန် ကြိုးပမ်းချက်သာ ဖြစ်ကြောင်း APHR က ဝေဖန်ထောက်ပြထားသည်။

APHR အနေဖြင့် စစ်အာဏာရှင်ကို ရှေ့တန်းမှနေ၍ တွန်းလှန်နေသော ဒီမိုကရေစီအင် အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လူထုလှုပ်ရှားမှုများကို အစဉ်တစိုက် ထောက် ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်း (အထူးသဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ) အနေဖြင့် စစ်ကောင်စီ၏ အာဏာခိုင်မာအောင် လုပ်ဆောင်မှုများကို ပြတ်ပြတ်သားသား ရှုတ်ချရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန်၊ မြန်မာ့ဒီမိုကရေစီ အင်အားစုများကို ထောက်ခံအားပေးရန် APHRက တိုက်တွန်းထားသည်။

စစ်ကောင်စီသည် မျက်နှာစာတွင် အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းပြကာ ပြုပြင်ပြောင်းလဲရေး လုပ်နေသယောင် ဟန်ပြလေ့ရှိသဖြင့် နိုင်ငံတကာအနေဖြင့် “ပုံမှန်အတိုင်း ဆက်ဆံခြင်း” (Business as usual) မျိုးကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ မင်းအောင်လှိုင်အား သမ္မတအဖြစ် အသိအမှတ်ပြုခြင်းသည် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို တရားဝင်အောင် လုပ်ဆောင်ပေးရာ ရောက်မည်ဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ လွတ်မြောက်ရေးတိုက်ပွဲကို ကူညီရန်အတွက် နိုင်ငံတကာ၏ ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အရေးကြီးကြောင်း APHR က တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article