ရန်ကုန်၊ မတ် ၃၁
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဘုရားသုံးဆူမြို့နယ်၊ မောဖာထောရွာအနီးကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး သေဆုံးကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒီနေ့ နံနက် ၁၁ နာရီလောက်မှာ မောဖာထောရွာအနီးကို စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတာတွေရှိပါတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့ မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းတပ်မြို့ပေါ်ရှိကို ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။





