31 C
Yangon

သရက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံး၊ စစ်တပ်က စမ်းအိုင်ရွာစာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းဆောင်များ ပျက်စီး

Must read

ရန်ကုန်၊ မတ် ၃၁

မကွေးတိုင်း၊ သရက်မြို့နယ်တွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံးပြီး စစ်တပ်က စမ်းအိုင်ရွာ စာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သရက်မြို့နယ် အခြေစိုက် ကပစ ၁၂ မှ ကား ၃ စီးဖြင့် မင်းတုန်းဘက်သို့ မောင်းနှင်လာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို သရက်-မင်းတုန်းလမ်းပိုင်း မြို့ဟောင်းကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို မင်းတုန်းမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် အထက်မင်းလှမြို့နယ် ဒဟတ်ပင် ရေနံမှော်တွင် ရက်ပေါင်း ၂၀ ကြာ အထိုင်ချ တပ်စွဲထားသော ကပစ ၂ ၊ ၁၀ နှင့် ၁၃ မှ စစ်သား အင်အား ၂၀၀ ခန့်ပါဝင်သော စစ်ကြောင်းမှ အင်အား ၈၀ ခန့်သည် လင်းကယ် ရဲစခန်းဘက်သို့ ကား၊‌ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ပေရင်းကျေးရွာနှင့် စမ်းအိုင်ကျေးရွာတို့ကို စစ်ကြောင်းထိုး၀င်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကြောင်းသည် ပြည်သူပိုင် ရွှေငွေပစ္စည်းများ၊ ရေနံတူးရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ ကား၊ ဆိုင်ကယ်များကို မွှေနှောက်ခိုးယူကာ ကျေးရွာပတ်၀န်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသန်း ပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့်လည်း စမ်းအိုင်ကျေးရွာ စာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင် ထိမှန် ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်း စစ်ကြောင်းသည် ည ၁၀ နာရီခန့်တွင် ၎င်းတို့ တပ်စွဲထားသော ဒဟတ်ပင်ရေနံမှော်ကို ပြန်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက လင်းကယ်ကျေးရွာအနီး အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၁ ဦး သေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲကြောင်း၊ ဒဏ်ရာရရှိသူများကို အထက်မင်းလှမြို့ဘက်သို့ ပို့ဆောင်လိုက်ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ကျေးရွာတွေကို စစ်ကြောင်းထိုး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူလုယက်တာတွေ လုပ်ပြီး ပြန်လာတဲ့ အချိန်ကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၁၄ ကောင်သေပြီး ထိခိုက်ဒဏ်ရာရတာတွေလည်းများပါတယ်။ စစ်ခွေးတွေ ဒရုန်းနဲ့ ဗုံးကျဲလို့ စမ်းအိုင်ရွာ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article