35 C
Yangon

တော်လှန်ရေးရဲဘော်များကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုများ၊ တန်ဖိုးကြီးမြေကွက်သိမ်းယူ ဝယ်ရောင်းလုပ်မှုများဖြင့် နာမည်ဆိုးသူ ကျော်ကိုထိုက် စစ်ထောက်လှမ်းရေးချုပ် ဖြစ်လာ

Must read

ရန်ကုန်၊ ဧပြီ ၁

အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုကာလအတွင်း တော်လှန်ရေးရဲဘော်များကို ညှဉ်း ပန်းသတ်ဖြတ်ခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုများ၊ တန်ဖိုးမြေသိမ်းယူမှုများဖြင့် နာမည်ဆိုးကျော်ကြားသူ ကျော်ကိုထိုက် စစ်ဘက်ရေးရာထောက်လှမ်းရေးမှူးချုပ် ဖြစ်လာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရှိရသည်။

စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ရဲဝင်းဦးမှာ တပ်ချုပ်ဖြစ်သွားပြီးနောက် ကျော်ကိုထိုက်ကို ၎င်း၏ နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ စစ်တက္ကသိုလ်အပတ်စဉ် ၃၈ ကျောင်းဆင်းဖြစ်သော ကျော်ကိုထိုက်မှာ နာမည်ဆိုးဖြင့် သဘောထား တင်းမာသူအဖြစ် စစ်တပ်အတွင်း အသိများသည်။

ဗိုလ်ချုပ်ကျော်ကိုထိုက်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ်အထိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး ယင်းသို့ တာဝန်ယူခဲ့စဉ်က တော်လှန်ရေးနှင့်ပတ်သက်ဆက်နွယ်သော သူများ၊ PDF ရဲဘော်များကို ဖမ်းဆီးရရှိခဲ့စဉ်က စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်နဲ့ သူ့ရှေ့က ဗိုလ်ချုပ်ကြီး ကိုကိုဦးတို့က အလယ်ပိုင်းတိုင်းမှူးတွေအဖြစ် ရှေ့ဆင့်နောက်ဆင့် တာဝန်ထမ်းခဲ့တယ်။ သူတို့ ၂ ဦးစလုံးက စစ်တက္က သိုလ်အပတ်စဉ် ၃၈ ချင်းလည်းတူတယ်။ နန်းတွင်းစစ်ကြောရေးမှာ တော်လှန်ရေးနဲ့ပတ်သက်တဲ့ PDF တွေနဲ့ ဆက်နွယ်သူတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြတာချင်းလည်းတူတယ်။ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ရက်ရက်စက်စက် လုပ်တဲ့သူတွေပေါ့” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄- ၂၀၂၅ ခုနှစ်ကာလ ရှမ်းမြောက်စစ်ဆင်ရေးများတွင် TNLA ၊ PDF တပ်များကို နောင်ချို၊ သီပေါ စသည့် နေရာများမှ ပြန်လည်တိုက်ထုတ်ရာတွင် တော်လှန်ရေးရဲဘော်များကို အရှင်ဖမ်းဆီးတာမျိုး မလိုချင်ကြောင်း၊ စစ်မြေပြင်တွင် စစ်သုံ့ပန်း ဖမ်းမိပါကလည်း သတ်ဖြတ်၍ တစ်ခါတည်း ကိစ္စအပြတ်ရှင်းရန် တိုင်းမှူး ကျော်ကိုထိုက်က အမိန့်ပေးခဲ့သည်ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အလယ်ပိုင်းတိုင်း တိုင်းမှူးဘ၀တွင် ရက်ရက်စက်စက် ရမ်းကားသတ်ဖြတ်မှုများကြောင့် မင်းအောင်လှိုင်က ကျော်ကိုထိုက်ကို သဘောကျ၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် အလယ်ပိုင်းတိုင်းမှူးဘ၀မှ ဒုတိယဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးပြီး လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်လာခဲ့သည်။

အလယ်ပိုင်းတိုင်း တိုင်းမှူးလုပ်ရသည့် ကာလမှာ ၁ နှစ်သာကြာမြင့်သော်လည်း ယင်း ၁ နှစ်အတွင်း လာဘ်ယူလာဘ်ယူမှုများ ၊ မန္တလေး၊ ပြင်ဦးလွင်ရှိ မြေကွက်များကို သိမ်းယူ၍ ဆွေမျိုးများ အမည်ဖောက်၍ ရောင်းဝယ်မှုများ၊ မတရားရယူမှုများ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။

“အရင် အလယ်ပိုင်းတိုင်း တိုင်းမှူး အခု စရခချုပ် ဗိုလ်ချုပ်ကျော်ကိုထိုက် သူတိုင်းမှူးဘဝတုန်းက မန္တလေးမှာ မြေကွက်တွေမှာ သူ့မိန်းမ သူ့သား သူ့သမီး နာမည်တွေနဲ့ မြေကွက်တွေ မတရား ရယူထားတယ်။ သူကိုယ်တိုင်လည်း အပြင် သူ့အသိုင်းအ၀ိုင်းမိတ်ဆွေအခြား ဗိုလ်ချုပ်တွေလည်း ဈေးကောင်းရတဲ့ နေရာတွေမှာ စည်ပင်ကလူတွေနဲ့ပေါင်းပြီး ရယူထားကြပါတယ်။ ဘာမှလုပ်စရာမလိုဘဲ မြေကွက်တွေကို အောက်စျေးနှိုက် လိုက်သိမ်းပြီး သိန်းသောင်းချီ မတရားဈေးနဲ့ရောင်းစားခဲ့ကြပါတယ်။ အခုထိလည်း သူတို့မြေကွက်တွေ မန္တလေးနဲ့ ပြင်ဦးလွင်မှာရှိတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသော်လည်း ကျော်ကိုထိုက်သည် စစ်တပ်အတွင်း နေထိုင်ဖြတ်သန်းသည့် ကာလတစ်လျှောက်လုံး စစ်မတိုက်ဖူးကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“ကျော်ကိုကိုထိုက်က စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် လောလောဆယ်တော့ အ ရောင်ပြပေါ့။ သူက စစ်မတိုက်ဖူးဘူး။ သေချာကစစ်မတိုက်ဖူးခဲ့ဘူး။” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အလယ်ပိုင်းတိုင်းမှူးဘ၀တွင် စီးပွားရေးလုပ်ခွင့်နှင့်ကုန်သွယ်ရေးလမ်းကြောင်းများအတွက်လည်း ဗိုလ်ချုပ်ကျော်ကိုထိုက်က စီးပွားရေးသမားများထံမှ လာဘ်ယူမှုများစွာ ကျူးလွန်ခဲ့ပြီး လုပ်ပိုင်ခွင့်ချထားပေးမှုများ လုပ်ဆောင်ခဲ့သည်ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article