36 C
Yangon

ဖားကန့် နေရာအနှံ့တွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေ၊ စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် မြို့ပေါ်ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နေရာအနှံ့တွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် မြို့ပေါ်ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်မှ စတင်ပြီး KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ ဖားကန့် မှော်ဝမ်းကြီးနှင့် လုံးခင်းရှိ မှော်စီဆာရွာ ဘက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် ယနေ့ နံနက်အစောပိုင်း ၆ နာရီ ၃၅ မိနစ်ခန့်တွင် ဖားကန့်မြို့ပေါ်ရှိ ဆောင်းကဖေး အရှေ့ဘက်နှင့် မြို့မရပ်ကွက်၊ ကလပ်ကုန်း အနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များလည်း ပျက်စီးမှုရှိကြောင်း သိရှိရသည်။

“ဒီနေ့ ဖားကန့်မှာ နေရာစုံသလောက်ပဲ တိုက်ပွဲဖြစ်နေတာ ဖားကန့် မှော်ဝမ်းကြီးဘက်နဲ့ လုံးခင်းက မှော်စီဆာရွာဘက်မှာ နံနက် ၅ နာရီ လောက်တည်းက တိုက်ပွဲစဖြစ်နေတာ ဖားကန့်မြို့ထဲလည်း စစ်ခွေးတွေပစ်တဲ့ လက်နက်ကြီးကျည် ကျရောက် ၂ နေရာကို တရုတ်ဘုံကျောင်းနားနဲ့ ကလပ်ကုန်းနားကျတာ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဖားကန့် ဖားပြင်လမ်း၊ နမ္မဖြတ်လမ်း၊ ဆန်းကြွယ်လမ်းနှင့် မှော်ဝမ်းကြီးလမ်းများ ခေတ္တပိတ်ထားရပြီး ဖားကန့်မြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကင်းပုန်းဝပ်မှုများ ရှိကြောင်း သိရသည်။

အလားတူ မတ်လ ၆ ရက်နေ့ကလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် မရှီကထောင်ရပ်ကွက်အတွင်းမှ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article