ရန်ကုန်၊ ဧပြီ ၂
ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ပြည်ခရိုင်၊ ထုံးဘိုမြို့အထိ ပြေးဆွဲနေသော ငွေကမ္ဘာExpress ခရီးသည်တင် မော်တော်ယာဉ်များကို စစ်တပ်က တားဆီးစစ်ဆေးပြီး ခရီး သည်လူငယ်များကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်-ထုံးဘို လိုင်းတွင် ပြေးဆွဲနေသော ငွေကမ္ဘာယာဉ်လိုင်းပေါ်၌ ခရီးသည်များကို ဖမ်း ဆီးခြင်းမှာ ယခုအခါ ၃ ကြိမ်မြောက် ရှိလာပြီ ဖြစ်ကြောင်း၊ အဆိုပါ ဖမ်းဆီးမှုများကို ပန်းတောင်းမြို့နယ်၊ ဒေါင်းမနားကျေးရွာအနီးတွင် စစ်တပ်က ခရီးသည်တင်ကားများကို တား ဆီး စစ်ဆေးကာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းခရီးသွားလူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ အမြဲတမ်း တောက်လျှောက်လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ငွေကမ္ဘာခရီးသည်တင်ယာဉ်လိုင်းကို ရွေးပြီး ခရီးသွားလူငယ်တွေကို ဆွဲချနေတာ။ အစပိုင်းမှာ ခရီးသွားလူငယ်တွေရဲ့စာရင်းကို ကြိုရပြီးတော့ စစ်သားတွေက နာမည်ကို တိုက် ရိုက်ခေါ်၍ ကားပေါ်တက် ဖမ်းသွားတာ။ အခုဆိုရင် အဲဒီလို ခရီးသွားလူငယ်တွေ အဖမ်းခံရတာ မတ်လထဲမှာ ၃ ကြိမ်မြောက် ဖြစ်လာတယ်။ ဖမ်းဆီးခံရတဲ့ ခရီးသွားလူငယ်တွေကို ယာဉ်လိုင်းနဲ့ တပ်နဲ့ပေါင်းပြီး ဖမ်းသလိုဖြစ်နေတယ်။ နာမည်စာရင်းနဲ့ မှတ်ပုံတင်၊ အသက် အရွယ်တွေက ကြိုပေါက်နေတာ” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိဘဖြစ်သူက ရှင်းပြသည်။
အလားတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင်လည်း မတ်လ ၃၁ ရက်နေ့ စစ်တပ်နှင့် ပျူစောထီးများက မြို့ပေါ်ရှိ စက်သုံးဆီတန်းစီးတန်နေသော နေရာ အပါအဝင် နေရာ ၂ ခုမှ လူငယ် ၄၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ထူးဆီဆိုင်တွင် ဆီတန်းစီနေစဉ် စစ်သားများနှင့် ပျူစောထီးများ ရောက်ရှိလာပြီး လူငယ်များနှင့် လူကြီးများကို ပေါ်တာဆွဲကာ ကားပေါ်သို့ ဆွဲတင်သွားပါတယ်။ လူငယ်တွေ အဖမ်းခံရတော့ ဆီတန်းစီနေတဲ့ ဆိုင်ကယ်တွေကျန်ခဲ့တယ်။ စုစုပေါင်း လူငယ် ၄၀ ခန့် ဖမ်းဆီးခံရပြီး လက်ရှိမှာ မိသားစုတွေနဲ့ တွေ့ဆုံခွင့်မပေးဘဲ စစ်တပ်က ဖမ်းထားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လည်း မတ်လ ၂၉ ရက်နေ့က အလုပ်သွား၊ အလုပ်ပြန် လုပ်ကိုင်နေသည့် လူငယ် ၆ ဦးကို စစ်ကောင်စီက အိမ်စီးကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
မုံရွာတော်လှန်ရေးအဖွဲ့ (MR) မှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ စစ်ကောင်စီတပ်သားများက မုံရွာမြို့ပေါ်နှင့် စက်မှုဇုန်ဘက်တွင် အိမ်စီးကားများဖြင့် လှည့်လည်ကာ ပေါ်တာဆွဲနေခြင်း ဖြစ်ကြောင်း၊ မိသားစုဝင်များက ငွေကြေးဖြင့် ပြန်လည်ရွေးယူရန် ကြိုးပမ်းသော်လည်း ခွင့်မပြုခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း သိရှိရသည်။
မုံရွာမြို့၌ပင် မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင်လည်း ၂ ရက်ဆက်တိုက် ပေါ်တာဆွဲခဲ့ရာ လူငယ် ၆၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) အတွင်းသို့ ပို့ဆောင်ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။
စစ်တပ်က ယခုကဲ့သို့ နည်းမျိုးစုံဖြင့် ပေါ်တာဆွဲ ဖမ်းဆီးနေမှုများကြောင့် ခရီးသွားပြည်သူများနှင့် လူငယ်များအကြားတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ပြောဆိုကြသည်။




