28 C
Yangon

ဘီးလင်းနှင့် ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂ ရက်နေ့ ည ၁၂ နာရီ ၁၆ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးသီးများဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရကာ၊ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာပါ။ လေးကေကျေးရွာထဲကို ကျဲချ တိုက်ခိုက်သွားတာ အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရတယ်။ နေအိမ် ၅ လုံးပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ မိနစ်ခန့်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၃ စီးဖြင့် မုံသွင်ကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဗုံး ၂ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကာ သာသနာ့ရန်အောင် ဘုန်း ကြီးကျောင်းအတွင်းရှိ ကျောင်းဆောင် ၂ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မတ်လ ၃၁ ရက်နေ့ နေ့လည်ပိုင်းက မုံရွာ နမခ ကနေ တက်လာတဲ့ Gyrocopter ၃ စီးက မုံသွင်ရွာ သာသနာ့ရန်အောင်ကျောင်းကို လာပြီး ၂ ကြိမ် ဗုံးကျဲချသွားတာ ၁ လုံးက ပေါက်ကွဲပြီး ၁ လုံးက မပေါက်ကွဲလို့ သက်သာသွားတာပါ။ လည်ငေါက်-ချင်ပြစ် လမ်းမကြီး မြောက်ဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းပါ။ ကျောင်းမကြီးက လုံးဝပျက်စီးပြီး ကျန်တဲ့အဆောင် ၁ ခု အပါဝင်ကျောင်းဆောင် ၂ လုံးပျက်စီးသွားတယ်။ ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ ကျောင်းထိုင်ဆရာတော်ကလည်း စစ်ဘေးရှောင်နေကြတာပါ။ မုံသွင်ရွာနဲ့ လှိုင်းရွာ ၂ ရွာလုံး စစ်ရှောင်နေကြရတာပါ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article