ရန်ကုန်၊ ဧပြီ ၂
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ရဲကင်းစခန်းမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၃၁ ရက် နံနက် ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရဲကင်း၌ တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ၂ ဦးသည် ၎င်းတို့ကိုင်ဆောင်သာ MA3 အမျိုးအစား သေတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၁ လက် ၊ ၅ ဒသမ ၅၆ ကျည် ၁၄ တောင့်၊ ၇ ဒသမ ၆၂ ကျည် (G3 ကျည်) ၂၃ တောင့်တို့ကို ယူဆောင်ထွက်ပြေးလာကာ အလင်းဝင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦး အား အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှု အောက်ရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊တပ်ခွဲ ၅ ကြို့ ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ မှ နွေးထွေးစွာ ကြိုဆိုလက်ခံပြီး ဆုငွေများလည်း ချီးမြှင့် ပေးထားကြောင်း သိရသည်။
“ကြို့ပင်ကောက်မြို့နယ်ထဲက ရဲကင်းစခန်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်ရောက်လာတာပါ။ သူတို့ နွေးထွေးစွာ ကြိုဆိုပြီးတော့ ဆုငွေတွေ ချီးမြှင့်ထားပါတယ်” ဟု သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ပြည်သူလူထုကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လျက်ရှိသည့် စစ်တပ်လက်အောက် ခံတပ်သားများ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ခိုလှုံဝင်ရောက် ပူးပေါင်း ကြပါနှင့်၎င်းတို့ကို နွေးထွေးစွာကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။






