26 C
Yangon

စက်သုံးဆီစျေးနှုန်းများကို စစ်တပ်က မြှင့်တင်လိုက်ပြီး ရိုးရိုးဓာတ်ဆီတစ်လီတာ ၄၆၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၆၈၀၅ ကျပ်အထိစျေးထိုးတက်လာ

Must read

🟥 ကားများကို မောင်းနှင်သော မိုင်အရေအတွက်အလိုက်သာ ဆီစျေးရောင်းပေးတော့မည်ဖြစ် ပြီး ဆီဆိုင် ၂၀၀၀ ကျော်ကို ဆီခွဲတမ်းများ အကြီးအကျယ် ထပ်မံလျှော့ချ

ရန်ကုန်၊ ဧပြီ ၃

မြန်မာနိုင်ငံရှိ ပြည်တွင်းစက်သုံးဆီစျေးနှုန်းများကို ထိုးတက်နေပြီး 92 ရိုးရိုးဓာတ်ဆီတစ်လီတာ ၄၆၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၆၈၀၅ ကျပ်အထိ စစ်တပ်က စျေးနှုန်းမြှင့်တက် လိုက်ကြောင်း သိရှိရသည်။

ရန်ကုန်စက်သုံးဆီစျေးနှုန်းများမှာ ဧပြီလ ၂ ရက်နေ့ 92 ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၄၄၅၀ ကျပ်ရှိရာမှ ဧပြီလ ၃ ရက်နေ့တွင် 92 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၄၆၂၅ ကျပ်အထိ စျေးတက်ပြီး 92 တစ်လီတာလျှင် ၁၇၅ ကျပ်စျေးတက်သွားသည်။

95 ဓာတ်ဆီမှာမူ တစ်လီတာလျှင် ငွေကျပ် ၁၉၅ ကျပ်လျော့ကျသွားပြီးဧပြီလ ၃ ရက်နေ့တွင် 95 ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၄၇၈၀ ကျပ်စျေးပေါက်နေသည်။

ဒီဇယ်ဆီမှာမူ စျေးနှုန်းအများဆုံးနှင့်စံချိန်တင် မြင့်တက်သွားပြီး ဧပြီလ ၂ ရက်နေ့ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ငွေကျပ် ၅၄၅၀ ကျပ်ရှိရာမှ ဧပြီလ ၃ ရက်နေ့ ၅၆၈၀ ကျပ်သို့ မြင့်တက်ကာ တစ်လီတာလျှင် ငွေကျပ် ၂၃၀ မြင့်တက်သွားသည်။

ပရီမီယံ ဒီဇယ်မှာမူ ဧပြီလ ၂ ရက်နေ့ တစ်လီတာလျှင် ငွေကျပ် ၆၀၈၅ ကျပ်မှ ဧပြီလ ၃ ရက်နေ့တွင် တစ်လီတာ ၆၈၀၅ ကျပ်သို့ မြင့်တက်ကာ တစ်လီတာလျှင် ငွေကျပ် ၇၂၀ မြင့်တက်သွားကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က ဆီဆိုင်များကို ရောင်းချရာတွင် မောင်းနှင်သွားလာထားသော ခရီးအကွာအဝေးအလိုက်သာ ဆီများ ရောင်းချတော့မည်ဖြစ်ကြောင်း ယမန်နေ့ ညပိုင်း ထုတ်ပြန်ကြေညာသည်။

ဧပြီလ ၃ ရက်နေ့မှ စတင်၍ ယာဉ်တစ်စီးချင်းစီအတွက် စက်စွမ်းအားပေါ်မူတည်၍ စက်သုံးဆီပမာဏ သတ်မှတ် ရောင်းချပေးနေရာတွင် Taxi ယာဉ်များ၊ သုံးဘီးယာဉ်များ၊ ကုန်တင်ယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်၍ ဆီရောင်းချပေးသည့်စနစ်ကို စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တပ်က ကြေညာသည်။

စစ်တပ်က တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်ပေါင်း ၂၉၄၃ ဆိုင်ရှိသည့်အနက် ဆိုင်ပေါင်း ၈၇၉ ဆိုင်တွင် Bar Code / QR Code များကို Scan ဖတ်၍ ရောင်းချနေပြီး Scan ဖတ်သော ဆီဆိုင်များကိုသာ ဆီခွဲတမ်း အပြည့်အ၀ ပေးကာ ကျန်ရှိနေသော ဆီဆိုင် ၂၀၆၄ ဆိုင်ကို ဆီခွဲတမ်းများ အကြီးအကျယ်လျှော့ချလိုက်ကြောင်း သိရှိရသည်။

“Real Time(ဆီလက်ကျန်တိုက်ရိုက်ကြည့်နိုင်သော Software တပ်ဆင်ထားသော) မရှိတဲ့ ဆီဆိုင်တွေ ဆီခွဲတမ်းအကြီးအကျယ်လျှော့နေပါတယ်။ ဆီဆိုင် ၂၀၀၀ ကျော်လောက် ဆီခွဲတမ်း အတော်ကိုလျှော့ချခံနေရတယ်။ သူတို့မှာလည်း ဆီမရှိတော့ ဆီဆိုင်တွေကို အမျိုးမျိုးပြဿနာရှာပြီး ဆီခွဲတမ်းလျှော့နေတာပါ။ Normal PO ဆီခွဲတမ်း သမားတွေ နောက်ဆို မလုပ်နိုင်တော့ပါဘူး” ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ယင်းအပြင်စစ်တပ်က မော်တော်ယာဉ်များ စက်သုံးဆီသုံးစွဲမှုလျှော့ချရေးအတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန် လည်တင်သွင်းသည့်စနစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁ ရက်နေ့ နေပြည်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article