26 C
Yangon

တောင်ဒဂုံစက်မှုဇုန်တွင် ဒီဇယ်ဆီရှားပါးမှုကို အကြောင်းပြ၍ အမှိုက်သိမ်းခအပြင် အမှိုက်တစ်ခါလာသိမ်းတိုင်း ဒီဇယ် ၅ ဂါလံပေးရန် စည်ပင်က စက်ရုံများထံမှ အတင်းအကျပ် တောင်းခံနေ

Must read

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်အတွင်းရှိ စက်မှုဇုန် ၁၊၂ နှင့် ၃ တို့တွင် အမှိုက် သိမ်းဆည်းသည့် လုပ်ငန်းစဉ်များ၌ စည်ပင်သာယာရေးကော်မတီက ဒီဇယ်ဆီရှားပါးနေသည်ဟု အကြောင်းပြချက်ပေးကာ လုပ်ငန်းရှင်များထံမှ ကားခအပြင် စက်သုံးဆီများကိုပါ အပိုဆောင်း တောင်းခံနေကြောင်း သိရှိရသည်။

တောင်ဒဂုံစက်မှုဇုန်များတွင် အမှိုက်သိမ်းဆည်းရာ၌ လုပ်ငန်းရှင်များက ကိုယ်ထူကိုယ်ထစနစ်ဖြင့် သံပြားများဖြင့် ဖန်တီးထားသော Truck Trailer ပုံစံ အမှိုက်ထည့်ကန်ကြီးများကို အသုံးပြုကြသည်။ အဆိုပါ အမှိုက်ကန်များ ပြည့်လျှင် စည်ပင်သာယာ အမှိုက်သိမ်းဌာနမှ ကားများက လာရောက်ချိတ်ဆွဲကာ ထိန်ပင်အမှိုက်ပုံသို့ သွားရောက်စွန့်ပစ်ပေးခြင်းဖြစ်သည်။

ထိုသို့ ဝန်ဆောင်မှုပေးသည့်အတွက် ယခင်က ကားခအဖြစ် ငွေကျပ် နှစ်သိန်းဝန်းကျင် ပေးဆောင်ရသော်လည်း၊ ယခုအခါတွင်မူ စည်ပင်ဘက်က ဆီရှားပါးမှုကို အကြောင်းပြကာ အမှိုက်တစ်ကန် သိမ်းဆည်းတိုင်း ဒီဇယ်ဆီ (၅) ဂါလံကိုပါ ပေးဆောင်ရမည်ဟု ဖိအားပေး တောင်းဆိုလာခြင်း ဖြစ်သည်။

စက်ရုံပိုင်ရှင်တစ်ဦးက “စည်ပင်အမှိုက်သိမ်းဌာနက အရင်တုန်းက ကားခပဲ ယူတာပါ။ အခုကျတော့ ဆီရှားလို့ဆိုပြီး အမှိုက်တစ်ကန်သိမ်းရင် ကားခအပြင် ဒီဇယ် ၅ ဂါလံပါ ပေးရမယ်ဆိုပြီး အတင်းအကျပ် တောင်းနေပါတယ်။ တကယ်တော့ အမှိုက်သိမ်းခ နှစ်သိန်းဆိုတာကလည်း မနည်းပါဘူး။ အခုလို ဆီပါ အပိုပေးရမယ်ဆိုတော့ လုပ်ငန်းရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ကုန်တာပေါ့။ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတွေအနေနဲ့လည်း စည်ပင်ရဲ့ ဒီလို တရားလက်လွတ် တောင်းဆိုမှုအပေါ်မှာ လုံးဝ မကြေနပ်ကြပါဘူး” ဟု ပြောဆိုသည်။

လက်ရှိတွင် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ဝယ်ယူရန် ခက်ခဲနေခြင်းတို့ကြောင့် စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များမှာ လုပ်ငန်းလည်ပတ်ရန် ရုန်းကန်နေရချိန်တွင်၊ စည်ပင်သာယာ၏ ယခုကဲ့သို့ အပိုဆောင်း တောင်းဆိုမှုများက လုပ်ငန်းရှင်များအပေါ် ပိုမို အခက်တွေ့စေလျက်ရှိသည်။

စည်ပင်က တောင်းဆိုသည့်အတိုင်း ဆီမပေးနိုင်ပါက အမှိုက်များ လာရောက်သိမ်းဆည်းခြင်း မရှိမည်ကိုလည်း လုပ်ငန်းရှင်များက စိုးရိမ်နေကြပြီး၊ ဒီဇယ်ဆီအတင်းအကျပ် တောင်းခံနေမှုများကို ပြန်လည် စိစစ်ပေးရန် လုပ်ငန်းရှင်များက စည်ပင်ကို တောင်းဆိုထားကြောင်း၊ သို့ရာတွင် စည်ပင်က တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article