26 C
Yangon

ဖားကန့်၊ မှော်ဝမ်းဒေသရှိ စစ်တပ်ကင်းစခန်း ၃ ခုကို KIA သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်မှ ၂၀ ခန့် သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဧ​ပြီ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဥရုချောင်းတစ်လျှောက်ရှိ မှော်ဝမ်းဒေသတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ အရေးပါသည့် ကင်းစခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ဧပြီလ ၂ ရက်နေ့တွင် အပြတ်အသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယမန်နေ့ တိုက်ပွဲအတွင်း KIA က သိမ်းပိုက်နိုင်ခဲ့သည့် စခန်းများမှာ မှော်ဝမ်းဒေသအတွင်းရှိ အမှိုက်ပုံရွာစခန်း၊ သင်္ချိုင်းနေရာရှိ စခန်းနှင့် ဆွတ်ဘွမ်ကင်းစခန်း တို့ ဖြစ်ကြသည်။

စစ်ကောင်စီဘက်မှ ၎င်းတို့ဆုတ်ခွာခဲ့ရသော တပ်စခန်းများပေါ်သို့ ဧပြီလ ၂ ရက် မွန်းလွဲပိုင်း ဂျက်ဖိုက်တာဖြင့် အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ KIA က တိုက် ခိုက်သိမ်းပိုက်လိုက်သော စစ်တပ်ကင်းစခန်းများမှာ ဖားကန့်ဒေသရှိ ပြည်သူများကို သွားလာရေးခက်ခဲစေရန် လမ်းများပိတ်ဆို့ခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် ဖမ်းဆီးမှုများ လုပ်ဆောင်နေသော စခန်းများဖြစ်သည်။

အဆိုပါ စခန်းများသည် ဥရုချောင်းနှင့် မှော်ဝမ်းဒေသ၏ စစ်ရေးဗျူဟာအရ အချက်အချာကျသော နေရာများဖြစ်ပြီး KIA ဘက်က အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ဦးဝန်းကျင်ခန့် သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“မနေ့က တိုက်ပွဲမှာ ဒဏ်ရာရတွေကို သယ်ပြေးတဲ့ကောင်တွေလည်း များတယ်။ စခန်းကနေ စခတွေ အကုန်စွန့်ခွာ ပြေးလွှားနေကြတာ” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

စခန်းသိမ်းတိုက်ပွဲများအပြီးတွင် KIA ပူးပေါင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးရေးနှင့် ရှင်း လင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မှော်ဝမ်းဒေသအတွင်းရှိ အဆိုပါစခန်း ၃ ခုလုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရခြင်းမှာ စစ်ကောင်စီအတွက် ဖားကန့်ဒေသတွင် ကြီးမားသော စစ်ရေးရှုံးနိမ့်မှုတစ်ခု ဖြစ်လာခဲ့သည်။

တိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး စစ်ကောင်စီဘက်က လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်လျက်ရှိကြသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်းရှိ အခြားသော စစ်ကောင်စီစခန်းများကိုလည်း KIA က ဆက်လက် ဖိအားပေး တိုက်ခိုက်နေသဖြင့် စစ်ရေးအခြေအနေမှာ အထူးတင်းမာလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article